ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၃ ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ နှစ်ရက်ဆက်တိုက် ဖမ်းဆီးခံရသူ ၈ ဦး အထိ ရှိလာခဲ့ပြီး အဖမ်းခံရသူတွေနဲ့ မိသားစုတွေက အဆက်အသွယ်မရဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့၊ နေ့လည် ၁၂ နာရီလောက်မှာ ကံပေါက်ဒေသ ဈေးအနီးရှိ လျှပ်စစ်ပစ္စည်းဆိုင် တစ်ဆိုင်က ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးနဲ့ အရောင်းဝန်ထမ်းတစ်ဦးကို စစ်ကောင်စီတပ်ကားနှစ်စီးနဲ့ လာဖမ်းခေါ်သွားတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကဆိုပါတယ်။
“ဆိုင်ထဲမှာဝင်ဖမ်းတာ။ မေးစရာရှိတယ်ဆိုပြီးခေါ်သွားတာဘဲ။ သူဌေးတွေဆိုတော့ ငွေလိုလို့ ဖမ်းတာဖြစ်မယ်။ ဘုန်းကြီးကျောင်းပါမကျန်ဝင်စစ်တာ” လို့ သူကပြောပါတယ်။
ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေကတော့ ကံပေါက်ဒေသ ဗိုလ်ချုပ်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် မအေးအေးသူနဲ့ ဆိုင်ကအရောင်းဝန်ထမ်း သီရိမင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် မသဇင်လွင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့၊ ညနေ ၅ နာရီလောက်မှာလည်း မဂ္ဂင်ရပ်ကွက်မှာနေထိုင်တဲ့ ကုန်စုံဆိုင်က ဆိုင်ပိုင်ရှင်အပါအဝင် ၆ ဦးကို မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ လာရောက်ပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
“သူတို့က အနေအထိုင်အေးဆေးဘဲ။ တစ်ယောက်ယောက်က ချောက်တွန်းတာဖြစ်လောက်တယ်။ မိုင်းတွေ့တဲ့နေရာနဲ့ အခုဖမ်းတဲ့နေရာနဲ့က အဝေးကြီးလေ။ ဘာကြောင့်ဖမ်းမှန်းကိုမသိတာ။ ဘယ်ကိုခေါ်သွားမှန်းလည်းမသိဘူး။ ကျနော်ထင်တာက ရေတပ်ထဲဘဲဖြစ်လောက်တယ်။ ဆက်သွယ်လည်း မရဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးကဆိုပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့က အဖမ်းခံရသူတွေကတော့ အသက် ၆၀ အရွယ် ဒေါ်စန်းမြင့်၊ ဒေါ်မီးချို၊ ဦးကျော်ဦး၊ ကိုကျော်ကျော်၊ ကိုကျန်ကျောင်း၊ ကိုမင်းသူအောင်တို့ ဖြစ်ပါတယ်။
အဆိုပါဖမ်းဆီးခံရသူတွေမှာ အခုချိန်အထိ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်နေကြပြီး ကံပေါက်ဒေသဟာ မောရဝတီရေတပ်ဌာနချုပ်အခြေစိုက်ရာဒေသဖြစ်တာကြောင့် မောရဝတီရေတပ်မှာ ဖမ်းဆီးထားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပေမယ့် ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ကံပေါက်ဒေသရှိ သစ်တောရုံးလမ်းဆုံမှာ ဇူလိုင်လ ၁၅ ရက်နေ့၊ မနက်ပိုင်းမှာမှာ မိုင်းတွေ့တယ်လို့ဆိုကာ ကံပေါက်ဒေသရှိ အိမ်တွေကို တစ်အိမ်ဝင်၊ တစ်အိမ်ထွက်လိုက်စစ်ဆေးတာ၊ ညဘက်တွေ ကင်းလှည့်တာနဲ့ လမ်းတွေကိုပိတ်ဆို့ပြီး တားမြစ်စစ်ဆေးတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကံပေါက်ဒေသဟာ ဆိုင်ကယ်စီးခွင့်ကို ပိတ်ပင်ခံထားရတဲ့ ဒေသဖြစ်ပြီး ဒေသခံတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးတာ၊ စစ်ဆေးတာတွေကို မကြာခဏခံနေရတာကြောင့် ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအခြေအနေခက်ခဲလာပြီး လုံခြုံရေးကိုလည်း အချိန်နဲ့အမျှ တွေးကြောက်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – Freedom Kanbauk
Phar Si Than (People’s Radio Myanmar)