ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အေးဘုရား မြသာလျှောင်ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် သီလရှင်ဆရာလေး တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေခံမှ သိရပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၁၁ နာရီ မိနစ်၃၀ အချိန်မှာ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကနေ ၆၀ မမ နဲ့ ပစ်ခတ်ခဲ့တာကြောင့် မုပ္ပလင်ကျေးရွာအုပ်စု အေးဘုရား မြသာလျှောင်းဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ သီလရှင်ကျောင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သီလရှင်ဆရာလေးတစ်ပါး ထိခိုက်ဒဏ်ရာ ရရှိကာ ဘုန်းကြီးကျောင်းအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“၁၁ ခွဲလောက်ကပေါ့ လက်နက်ကြီး ပစ်တဲ့အသံကိုတော့ကြားပါတယ် နည်းနည်းတော့ဝေးတယ် ကျတာကတော့ အေးဘုရားဘက်က မြသာလျှောင်းဘုန်းကြီးကျောင်းကို လက်နက်ကြီးကျတာ ဆရာလေးတစ်ပါးထိသွားတယ် တိုက်ပွဲကတော့မဖြစ်ပါဘူး အဲ့ဒီဘက်ကအသံ ၂ ချက် ၃ ချက်လောက် ကြားပြီးရော ရဲစခန်းက သေနတ် ၂ ချက်မိုးပေါ်ထောင်ပစ်တာ” လို့ သူကပြောပါတယ်။
ထိခိုက်ဒဏ်ရာရှိသူ သီလရှင်ဆရာလေးကိုလည်း ဝေါမြို့နယ်ရှိ ညောင်ခါးရှည်ဆေးရုံကို ပို့ဆောက်ထားကာ ဆေးကုသမှုခံယူနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အခုလိုစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာဟာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ အကြောင်းမဲ့ပစ်ခတ်နေတာဖြစ်ပြီး သထုံခရိုင်အတွင်းမှာလည်း စစ်ရေးအခြေနေ ပိုမိုပြင်းထန်လာမယ်လို့ သထုံခရိုင် PDF တာဝန်ခံ အေးမင်းထွန်းကပြောပါတယ်။
“လက်နက်ကြီးက အကြောင်းမဲ့ပစ်တာပါ နေ့ရော ညရော အဲလိုပဲပစ်နေတယ်လေ စစ်ရေးအခြေအနေ ကတော့ ပိုပြီးပြင်းထန်လာဖို့ပဲရှိပါတယ်”လို့ သူကပြောပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာ ကာလအတွင်း သတ်ဖြတ်ခံရသူ ၃၇၉၃ ဦးအထိရှိလာပြီး မွန်ပြည်နယ်အတွင်းမှာတော့ သေဆုံးသူ ၁၄ ဦး ရှိပြီးဖြစ်တယ်လို့ AAPP ရဲ့ စာရင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)