ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ လှိုင်ဝအမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်ရင်းကနေ ကော့ကရိတ်မြို့အနီးတစ်ဝိုက်အပါအဝင် ကမိုင်ကုန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာနဲ့ မြောက်ကြာအင်းကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တစ်နေ့ကို အနည်းဆုံး အလုံး ၃၀ လောက်ပစ်တဲ့အသံကြားရတယ်၊ တစ်ခါတစ်လေဆိုရင် သေနတ်သံတွေပါကြားရတယ်၊ အများဆုံးပစ်ထုတ်တာကတော့ အာရှလမ်းမဘက်ကရွာတွေဆီကို ပစ်ထုတ်တာ၊ အိမ်ပေါ်ကိုကျပြီး လူထိတဲ့အချိန်တွေလည်းရှိတယ်” လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
အခုလို ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ဒေသခံတွေရဲ့ နေစဥ်စားဝတ်နေရေးနဲ့ စီးပွားရေးလုပ်ငန်းတွေထိခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ပစ်တော့ ဘယ်ချိန်ကိုယ့်ရဲ့ခေါင်းပေါ်လာကျမလဲ ကြောက်နေရတယ်၊ ညဘက်ဆိုရင်လည်း ကောင်းကောင်းမအိပ်ရဲဘူး၊ လယ်ထဲမှာအလုပ်သွားလုပ်ရင်လဲ အသံကြားရင် အိမ်ကိုပြန်ပြေးရတယ်၊ အလုပ်လည်းကောင်းကောင်းလုပ်လို့မရဘူး” လို့ မြောက်ကြာအင်းရွာမှာနေထိုင်သူတစ်ဦးက ပြောပါ တယ်။
အလားတူ ကော့ကရိတ်မြို့အနီးက ကျုံဒိုးမြို့မှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၅၄၆ တပ်ကလည်း လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ဒေသခံတွေမှာ သွားလာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“ပစ်တာကတော့ တစ်ချိန်လုံးပစ်နေတယ်၊ နေ့လည်ပိုင်းလည်း ပစ်တယ်၊ ညပိုင်းလည်းပစ်၊ အနည်းဆုံး ၁၅ လုံး လောက်ရှိမယ်၊ ရွာတွေဘက်ကို ရမ်းပစ်တာပေါ့၊ ကျုံဒိုးက လူတွေကတော့ အသံကြားတာနဲ့ အိမ်ထဲဝင်နေကြတယ်၊ ဘယ်မှမသွားရဲကြဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်း ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၁၅ ဦး နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့သလို ၁၀ ဦး နီးပါးသေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံး ကျော် လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန် ကရင်ပြည်နယ်ထဲက မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့၊ ဖာပွန်မြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေမှာ စစ်ကောက်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဆက်လက်ဖြစ်ပွားနေပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)