စစ်တပ်အာဏာသိမ်းဖြစ်စဥ် နှစ်နှစ်ကျော်ကြာမြင့်လာတဲ့အတွက် ရန်ကုန်မြို့တွင်း သွားလာနေထိုင်သူတွေထဲမှာမှ အမျိုးသမီးတွေဟာ လုံခြုံမှုမရှိတော့တဲ့ဘဝတွေကို ရင်ဆိုင်ကြုံတွေ့နေရတာအမှန်ပါ အဲ့ဒီအထဲ မှာ “မေ” လည်းတယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးမငြိမ်မသက်မှုတွေ၊ ပြည်တွင်းစီးပွားရေး ကျဆင်းလာတဲ့အခြေအနေတွေ နဲ့ အလုပ်အကိုင်ရှားပါးမှု ပြဿနာတွေကြောင့် အရင်ကထက် ခိုးဆိုးလုယက်တွေ ပိုများလာတယ်လို့ “မေ” က မှတ်ချက်ပြုပြောဆိုပါတယ်။
ဒီကာလမှာ ဘဝရပ်တည် နေထိုင်စားသောက်ရေးအတွက် မဖြစ်မနေအပြင်ထွက် အလုပ်လုပ်ရပြန် တော့လည်း နေ့ခင်းဘက်အပြင်တွေကို သွားလာရတဲ့အခါမျိုးမှာ အမျိုးသမီးတွေအနေနဲ့ စိတ်လုံခြုံမှု မရှိတဲ့ပြင် ဘယ်နေရာသွားသွား ဘာပဲလုပ်လုပ် ကြောက်နေရတဲ့ကာလတခု ဖြစ်နေခဲ့တယ်။
မေတို့ အရင်တုန်းကသာ အိမ်မှာဆိုရင် မိန်းကလေးတယောက်ထဲနေရဲတာ။ အခုတော့ အဖော် မိန်းကလေးနှစ်ယောက်၊ သုံးယောက်လောက်နဲ့ ခေါ်နေနေရတဲ့အခြေအနေဖြစ်နေတယ်။ တ ယောက်ထဲ မနေရဲဘူး။ ညဘက်အိမ်ကို သူခိုးဘာညာကပ်ရင်လဲ “ရဲစခန်းတို့၊ စစ်သားတို့” ကို သွားအားကိုးလို့မရဘူး အခုခေတ်က “သူတို့ကသူခိုးထက်” ပိုကြောက်ဖို့ကောင်း နေရတဲ့ခေတ်လေ။
လမ်းမှာဆိုရင်လည်း “ပိုက်ဆံအိတ် လုခံရမှာကို ကြောက်ရ၊ ခါးပိုက်နှိုက်ခံရမှာ၊ ဖုန်းလုခံရမှာကို ကြောက်ရတဲ့စိတ်တွေအပြင် ဘတ်စ်ကားစီးတာ၊ Taxi စီးတာကအစ” အမျိုးသမီးတယောက်ရဲ့ တနေ့တာကို မလုံခြုံမှုတွေ၊ စိုးရိမ်ထိတ်လန့်တဲ့စိတ်တွေအပြည့်နဲ့ ဖြတ်သန်းနေရပါတယ်။
အခုအခြေအနေက အပြင်ထွက်လို့ လုယက်ခံရပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရလည်း ကူညီမယ့်သူမရှိတဲ့အပြင် ရှောင်သွားတဲ့သူတွေနဲ့ ရပ်ကြည့်နေတဲ့သူတွေပဲရှိတယ်။ သက်ဆိုင်ရာကို တိုင်မယ်ဆိုရင်လည်း သူတို့က ငွေညှစ်ဖို့လောက်ပဲသိတော့ “မေ” တို့ဘဝတွေက ကိုယ်ဖြစ်ကိုယ်ခံ ကူကယ်ရာမဲ့တဲ့ ဘဝတွေဖြစ်နေတယ်။
“မေ” တို့လူငယ်တွေရဲ့ဘဝတွေက အာဏာမသိမ်းခင်ကဆိုရင် ညဘက် ၁၂ နာရီထိ လှည်းတန်း တို့ ၁၉ လမ်းတို့ဆို လူစည်နေတုန်းပဲ။ မိန်းကလေးတယောက်အနေနဲ့ မနက် ၃ နာရီမှ အိမ်ပြန်လည်း ကိစ္စမရှိတဲ့ အခြေအနေပေါ့နော်။ အခုခေတ်က ယောကျာ်းလေးပါ မလုံခြုံတော့တဲ့အခြေအနေဆိုတော့ မိန်းကလေးဆို ပိုဆိုးသွားတာပေါ့။ ဒီလိုနဲ့ လူငယ်တွေရဲ့ ပျော်ရွှင်မှုတွေကလည်း တစ်စထက်တစ်စ ပျောက်ဆုံးလာခဲ့ပါတယ်။
အခုဆိုရင်ပိုသိသာတယ် အရင်တုန်းက ည ၈ နာရီမှာဆို လူစည်ကားနေတဲ့ လှည်းတန်းက အခု ည ၈ နာရီမထိုးခင်တောင် ဆိုင်တွေပိတ်ကုန်တယ်။ ည ၉ နာရီလောက်ဆိုလမ်းပေါ်မှာ လူရှင်းသွားပြီဆိုတာနဲ့ စစ်ကားတွေကို စတွေ့နေရပြီ။
အရင်လိုလုံခြုံမှုမရှိတော့တဲ့ ရန်ကုန်မြို့နဲ့အတူ စစ်တပ်ရဲ့ ညမထွက်ရအမိန့်ကလည်းရှိနေဆဲပဲ။ ညမထွက်ရချိန်အတွင်း ကျန်းမာရေးပြဿနာတခုခုဖြစ်ခဲ့ရင် အရင်လို ဆေးရုံ၊ ဆေးခန်းသွားဖို့ကလည်း လွယ်ကူမနေခဲ့ဘူး။
ကိုယ်နေထိုင်တဲ့ရပ်ကွက်ရဲ့ ယာယီ အုပ်ချုပ်ရေးမှုးတွေကို အကြောင်းကြားရတယ်။ သူတို့ကမှတဆင့် သက်ဆိုင်ရာတွေကို အကြောင်းကြားပြီးမှ ဆေးရုံ၊ ဆေးခန်း ကိုသွားလို့ရတဲ့အတွက် တချို့ဆို အသက်ဆုံးရှုံးရတဲ့အထိ မဖြစ်သင့်ပဲ ဖြစ်ရတဲ့အခြေအနေတွေကို ပြည်သူတွေခါးစီးခံနေရတယ်။
ဒီလိုမတရားမှုတွေခံရတဲ့အခါတိုင်း တိုင်တန်းမှုတွေလုပ်ဆောင်ခဲ့ရင်လည်း ထိရောက်တဲ့ အရေးယူမှုတွေကရှိမနေတော့ မသမာမှုတွေကပိုများလာပြီး အာဏာသိမ်းကာလမှာ “အမှန်တရားတွေနဲ့လုံခြုံမှုတွေက” ပျောက်ဆုံးနေပါတယ်လို့ “မေ” က ထောက်ပြပြောဆိုချင်တယ်။
အရင်အရပ်သားအစိုးရလက်ထက်တုန်းက မသမာမှုတွေရှိနေပေမယ့်လည်း မြန်မာပြည်သူတွေဟာ လုံခြုံစိတ်ချမှုနဲ့ စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက်နိုင်တဲ့ အခြေအနေတရပ်မှာ အားလုံးကရှိနေခဲ့ ကြပါတယ်။
အခုနိုင်ငံရေးအကျပ်အတည်းကာလတခု၊ စီးပွားရေးဆုတ်ယုတ်လာခဲ့တဲ့အခြေအနေတခုအတွက် အချိန်အတိုင်းအတာ ခန့်မှန်းလို့မရတဲ့ နိုင်ငံရေးကာလကြီးထဲမှာ လုံခြုံမှုမရှိတဲ့ဘဝ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုအပြင် အမျိုးသမီးအခွင့်အရေး ဆုံးရှုံးတာတွေကို ဒီကာလကြားထဲမှာ အမျိုးသမီးတွေအနေနဲ့ များစွာကြုံတွေ့နေရတယ်။
အမျိုးသမီးနဲ့နိုင်ငံရေးခွဲခြားလို့မရတဲ့အတွက် မြန်မာ့နိုင်ငံရေးပဋိပက္ခတွေ အချိန်တိုတောင်းစေဖို့ အမျိုးသမီးတယောက်အနေနဲ့ တတ်နိုင်တဲ့အင်အားတွေနဲ့ ပါဝင်ကူညီထောက်ပံ့နေတယ်။ အဲ့အတွက်လည်း အရင်လိုပြန်လည် ကောင်းမွန်တဲ့အခြေအနေရောက်ဖို့အတွက် အားတင်း လျှောက်လှမ်းရင်း ယိုယွင်းပျက်စီးနေတဲ့ ခေတ်ပျက်ကြီးထဲမှာ အသက်ရှင်သန်ဖို့အတွက် “မေ” တယောက် ကြိုးစားရုန်းကန်နေပါတယ်။