ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်တာတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ လကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ထက်စစ်ရေးအခြေအနေတွေ အရင်ကထက်ပိုမိုတင်းမာလာပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ တပ်ရင်းအနီးတစ်ဝိုက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့က အလုံးကြီးကျတယ်၊ ၉၇ အနီးတစ်ဝိုက်၊ ဆေးရုံကုန်း၊ ဝင်းကြီး၊ ထန်းပင်ကုန်း၊ တောထဲကပစ်ထည့်တာ၊ လူတော့မထိဘူး၊ ၉၇တို့ ၊ လှိုင်ဝကုန်းတို့ကလည်း ရမ်းပြီးပြန်ပစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ကော့ကရိတ်မြို့ဒေသခံတွေရဲ့ သွားလာရေးနဲ့ နေ့စဥ်စားဝတ်နေရေးတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“မြို့ထဲကိုလညကွဲတာလေ၊ စစ်တပ်ဘက်ကဘဲ ပစ်တာလား၊ တောထဲကဘဲ ပစ်ထည့်တာလားမသိဘူး၊ အခုဟာ ဘယ်သူပစ်ထည့်ထည့် လမ်းသွားလာသူတွေဘဲထိတာလေ၊ အပြင်မထွက်ရဲဘူးပေါ့၊ ဘယ်ချိန်ပစ်ပြီး ဘယ်နားကျမယ်မှန်းမှမသိတာ” လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အလားတူ ဇူလိုင်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းကလည်း ကျုံဒိုးမြို့အခြေစိုက် ခလရ ၅၇၆ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့နယ် ဒေသရှိ စာသင်ကျောင်းက ကလေးငယ်တွေကို ကျောင်းလွှတ်ပေးခဲ့ရပြီး ညဘက်အချိန်မှာလည်း လက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လေ့ရှိပြီး အခုလိုပစ်ခတ်တာတွေကြောင့် ဇွန်လ ၁လအတွင်း ဒေသခံ ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆လုံးထက်မနည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)