ဇူလိုင်လ ၁၁ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ရက်နေ့ ညနေ ၄နာရီလောက်က စစ်ကောင်စီတပ်ပစ်သတ်ထားတဲ့ အမျိုးသားအလောင်းကို အခုချိန်ထိ လာရောက်ကောက်ယူတာမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပျားစခန်းရွာကနေ သံတောင်မြို့မှာရှိတဲ့နေအိမ်ကိုပြန်လာတဲ့ အသက် ၂၅နှစ်အရွယ် မောင်မင်းဇော်ဦးကို စစ်ကောင်စီတပ်က ကရင်လက်နက်ကိုင်အဖွဲ့လို့စွပ်စွဲကာပစ်သတ်ခဲ့ပြီး သံတောင်မြို့ စျေးတန်းဝင်လမ်းအနားမှာ ပစ်ထားခဲ့တာပါ။
လက်ရှိအချိန် သံတောင်မြို့ထဲမှာ စစ်ကောင်စီတပ်က ကင်းပုန်းဝတ်နေတာကြောင့် အလောင်းလာကောက်ရဲတဲ့လူတွေမရှိကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ညကအထိ အလောင်းလာကောက်တာမရသေးဘူး၊ ကင်းပုန်းရှိလို့မသွားရဲကြဘူး၊ လက်နက်ကိုင်အဖွဲ့လည်းသွားလို့မရဘူး၊ ဘာသာရေးအဖွဲ့တွေကလည်း အာမခံမရလို့ လာမကောက်ကြတာ၊” လို့ သံတောင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
သံတောင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးအခြေအနေတင်းမာနေပြီး ဒီကနေ့ ဇူလိုင်လ မနက် ၁၁ရက်နေ့မနက်ပိုင်းမှာလည်း ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“မနေ့ကတော့ ငြိမ်နေတယ်၊ဒီနေ့မနက်ကတော့ ယာဒိုအပေါ်ဂိတ်မှာ ဘယ်အဖွဲ့နဲ့လဲတော့မသိဘူး ပစ်ခတ်သံတွေကြားနေရတယ်၊ သံတောင်မြို့ပေါ်ကဒေသခံတွေက စစ်ဘေးရှောင်တာကြာပါပြီး၊ အပေါ်ယာဒိုကအခြေအနေအကုန်မသိရသေးဘူး၊” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က သံတောင်မြို့အဝင်အထွက်လမ်းတွေမှာ အစစ်အဆေးတင်းကြပ်နေပြီး သံတောင်မြို့အနီးတစ်ဝိုက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ချောင်းနှစ်ခွကျေးရွာထဲကိုလက်နက်ကြီးကျရောက်ပေါ်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Cj
Phar Si Than(People’s Radio Myanmar)