ကျွန်တော့်ရဲ့ နွေဦးတော်လှန်ရေးအစမှာက ဒီလိုဗျ……
ဆန္ဒပြကြရမယ်ဆိုတော့ လူငယ်ကလည်းဖြစ်အတွေ့အကြုံကလည်းမရှိ ဘာမှန်းလည်းသေချာမသိပဲ သူများတွေ ဒို့အရေးအော်လို့ လိုက်အော်ခဲ့ရာက စခဲ့တာပဲ။ အဲ့တုန်းကတော့ ပျော်စရာကြီးဗျ ။ နောက်ပိုင်းတော့ “တုတ်တပြ ၊ သေနတ်တပြ” တွေဖြစ်လာတော့မှ “ပျော်ပွဲ ၊ ရွှင်ပွဲ” မဟုတ်မှန်း သိခဲ့တာပါ။
ကျွန်တော်တို့ခေတ်က ဖေ့စဘွတ်ခ့်ခေတ်လေ သိတယ်မှတ်လားအဲ့အချိန်တုန်းက ဆန္ဒပြလို့ထွက်ပြေးရင်း မပြေးနိုင်တဲ့ ကောင်မလေးရဲ့လက်ကို ဆွဲပြေးရင်း ဖူးစာဆုံကြတယ်ဆိုတဲ့ ဖေ့စဘွတ်ခ့် ပိုစ့် လေးတွေကို အားလုံးပဲမှတ်မိကြမှာပါ။ ချစ်သူမရှိတဲ့ ကျွန်တော့အဖို့တော့ ငါလည်းဒီလိုတော့ ဖြစ်တန်ကောင်းတယ်ဆိုပြီး တွေးမိတာပေါ့ ။ သူများတွေကို အားကျခဲ့ရတဲ့ အချိန်လေးတွေပေါ့ ဗျာ…..
ဒီလိုနဲ့ကျွန်တော်လည်း ဆန္ဒပြဖို့ အိမ်ကနေ ထွက်ခဲ့တယ် ။ ၅၀၀၀ စားနဲ့မတူအောင် ရှိုးစမိုးအပြည့်နဲ့ မင်းသားရှုံး အောင်ပြင်ပြီး ပဲ နဲ့ ဆန္ဒပြထွက်အော်ခဲ့တာပေါ့ …. လာပါပြီ သပိတ်ဖြိုခွင်းမယ့် သကောင့်သားတွေ …. အဲ့ချိန်ပြေးရ ပါြပီရော ။
တကယ်တမ်းလည်းပြေးရရော သကောင့်သားတွေက လိုက်ရိုက်၊ ရမ်းပြစ်လုပ်တော့ ဘယ်နှယ့်ဗျာ ကောင်မလေး လက်ကိုင်ပြီးပြေးဖို့မပြောနဲ့ ကိုယ်နဲ့အတူပါလာတဲ့ဖိနပ်လေးတောင် ပြန်မကောက်နိုင်ဘူး ဖနောင့် နဲ့ တင်ပါး တစ်သားထဲကျအောင်ပြေးခဲ့ရတာပါ။ “နောက်ကျတဲ့ခြေထောက် သစ္စာဖောက်” ဆိုတဲ့ အတွေးလေးနဲ့ပေါ့ ။
အဲ့မှာဗျာ သကောင့်သားတွေကလည်း မျောက်လက်ထဲ အုန်းသီးထည့်ပေးလိုက်သလား အောက်မေ့ရတယ် ပစ်လိုက်တာများ တဒိုင်းဒိုင်းနဲ့ ယမ်းငွေ့တွေကြားမှာ အကုန်ထွက်ပြေးကြတာပေါ့။ ပြေးလို့ မလွတ်တော့ ပုန်းရမယ့်အခြေအနေရောက်လာတော့လည်း အိမ်တစ်အိမ်ရဲ့ နောက်ဖေးက ထဘီတွေလှန်းထားတဲ့ အောက်မှာ ပြားပြားဝပ်အောင်ပုန်းခဲ့ရတယ်။ အဲ့တုန်းက ပုန်းခွင့်ပေးတဲ့ အန်တီကြီးတွေကို ခုချိန်ထိ အရမ်းကျေးဇူးတင်မိတယ်။
အဲ့ချိန်က၂၀၂၁ ၊ မတ်လ လောက်ဖြစ်မယ် သပိတ်ဖြိုခွင်းတာတွေနဲ့ လမ်းတွေမှာ အပစ်အခတ်တွေနဲ့ အသေကြေတွေ များတဲ့အချိန် ကျွန်တော်တို့လက်ထဲမှာလဲ ပစ်စရာဆိုလို့ လေးခွပဲရှိခဲ့တာ အဲ့တာတောင် အမေက သိမ်းထားခဲ့တာလေ။
အဲ့မှာတွေ့ပါပြီလေ … “ဖေ့စဘွတ်ခ့် တခွင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့ရင် တာဝန်ထမ်းဆောင်ရန် အသင့်ရှိပါတယ်ဆိုတဲ့” ပိုစ့်တွေ မြင်ရတော့ အိမ်မှာလည်း ဘာအလုပ်မှမရှိပဲနေနေရမယ့် အတူတူ တာဝန် ထမ်းဆောင်လိုက်ရင် ကျွန်တော့် ဖေ့စဘွတ်ခ့် ထဲကအသိမိတ်ဆွေတွေနဲ့ကျွန်တော်နဲ့ ဆုံရမယ်ဆိုတဲ့ အသိလေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေလေးတခုကို အပြေးသန်တဲ့ ကျွန်တော် ရောက်ရှိလာခဲ့တယ်။
ထူးဆန်တာတခုကို ကျွန်တော်တွေ့ခဲ့တယ်ဗျ။ တကယ်တမ်းလည်း ရောက်လာခဲ့ရော ကျွန်တော် အသည်းအသန် လိုက်ရှာမိတော့ ကျွန်တော့် ဖေ့စဘွတ်ခ့် ထဲက လူတွေပါမလာဘူးဗျာ ။ မေးကြည့်တော့ သူများက ကော်ပီလုပ်ပြီး ပြန်တင်ပြောလို့တင်တာတဲ့ ။ အေးရောဗျာ……
ဒါနဲ့ဗျာ ရောက်လည်းရောက်နေပြီဆိုတော့ မထူးတော့ဘူး ကျွန်တော် ဒီမှာပဲနေလိုက်တော့မယ်လို့ ဆုံးဖြတ် လိုက်တယ်။ စရောက်တဲ့အချိန်မှာ နာမည် နဲ့ အလုပ်အကိုင်စာရင်း တောင်းတယ်ဗျာ ။ ကျွန်တော်က အင်ဂျင်နီယာ တစ်ယောက်ဆိုတော့ ငါတော့ နေရာကောင်းကောင်းလေးပေးမှာပဲ ဆိုတဲ့အတွေးနဲ့ အလုပ်အကိုင် နေရာမှာ အင်ဂျင်နီယာဖြည့်လိုက်တာပေါ့ဗျာ။
နောက်ပီးတော့ လူစာရင်းစစ်တန်းစီတာတွေလုပ်တော့ သင်တန်းတွေများစပြီး ပေးတော့မလားဆိုပြီး ရင်တွေခုန် လိုက်ရတာအမောဗျာ ။ အဲ့မှာသင်တန်းဆရာက လုပ်ငန်းတာဝန်တွေ အရင်ခွဲပေးမယ်တဲ့ ။ တာဝန်တွေခွဲလိုက်ပုံက တော့ လက်သမားဆရာကြီးတွေက တဲဆောက် ၊ ပန်းရံဆရာကြီးတွေက ၀ါးသယ် ၊ စိုက်ပျိုးရေးလုပ်တဲ့ သူတွေက ခြုံရှင်းဆိုပြီး သင်တန်းဆရာက ခွဲချလိုက်တယ်။
အဲ့မှာကျန်တာက ကျွန်တော်ရယ် နောက်ထပ် အင်ဂျင်နီယာ (၄) ယောက် အုပ်စုပဲကျန်တော့တယ်။ ငါတို့ကိုတော့ ဘာမှခိုင်းမှာ မဟုတ်လောက်ပါဘူးလေဆိုပြီး အင်ဂျင်နီယာကျောင်းတက်ခိုင်းတဲ့ မွေးသမိခင် ကျေးဇူးရှင်ကို စိတ်ထဲက ကျိတ်ပြီး ကျေးဇူးတွေတင်ပါရောလေ…
ခဏကြာတော့ သင်တန်းဆရာက “ဟေ့.. အင်ဂျင်နီယာကောင်လေးတွေ လာစမ်းကွ’’ ဆိုပြီးခေါ်တော့ သူ့နားကို အူယားဖားယားနဲ့ ကျွန်တော်တို့ (၅) ယောက်ပြေးသွားကြတာပေါ့။ “အေး… မင်းတို့ထဲမှာ M&E ဘယ်သူပါလဲကွ” တဲ့ အဲ့မှာ ကျွန်တော်တို့ (၄) ယောက်လက်ထောင်လိုက်တယ်။ ကျန်တဲ့တယောက်က Civil အင်ဂျင်နီယာတဲ့လေ။ ဒါနဲ့ဆရာက Civil ဖြစ်တဲ့တစ်ယောက်ကို တဲဆောက်တာ ဝိုင်းကူခိုင်းတော့ ကိုယ်တွေအတွက် အခုချိန်ထိ ဘာအလုပ်မှမရှိတန်ရာဆိုပြီး စိတ်ထဲကျိတ်ပျော်နေကြတာပေါ့ဗျာ…
ဒါပေမယ့် အဲ့ဒီအပျော်လေးက ဘယ်လောက်မှမကြာခဲ့ပါဘူး ။ ဆရာက ကျွန်တော်တို့ဘက်လှည့်လာပြီး မင်းတို့က M&E ဆိုတော့ မိလ္လာနဲ့အတွေ့အကြုံရှိကြတယ်ဆိုတော့ “ချီးတွင်းတူးကြကွာတဲ့” ။ အဲ့အချိန်မှာတော့ အင်ဂျင်နီယာ ကျောင်းထားပေးခဲ့တဲ့ မွေးသမိခင်မျက်နှာကို မမြင်တော့ပဲ အာဏာသိမ်းခဲ့တဲ့ “စောက်ပု” မျက်နှာကိုသာ မြင်ပြီး စိတ်ထဲကနေ ကျိန်ဆဲနေမိတော့တယ်ဗျာ…….