ဇူလိုင်လ ၁၀ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံ-သထုံကားလမ်းမကြီးပေါ်မှာရှိတဲ့ ဘုရင့်ညီဂူနဲ့ ဝါးဘိုးတောလမ်းဆုံကြားကတံတားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင်လ ၁၀ရက်နေ့ မနက် ၁နာရီ ၁၀ မိနစ်လောက် ဘားအံ-သထုံကားလမ်းမကြီးပေါ်မှာရှိတဲ့ ပေါင်းကူးတံတားတစ်စင်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလိုတိုက်ခိုက်ခံရတာကြောင့် တံတားယိုင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ၁နာရီကျော်လောက်မှာ အသံကြားရတာ၊ အသံက တော်တော်ကျယ်တယ်၊ တံတားတစ်ခုလုံးကတော့ မပျက်သွားဘူး၊ ဘေးနားတွေမှာက မိုင်းစထိပြီး လက်တန်းတွေပြိုသွားတယ် ၊အလယ်မှာက အပေါက်ဖြစ်သွားတယ်၊မပြိုကျသွားဘူး၊” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို မိုင်းစွဲတိုက်ခိုက်ခံရပြီး တံတားယိုင်သွားတာကြောင့် အိမ်စီးကားအသေးလေးတွေနဲ့ ဆိုင်ကယ်တွေကိုသာ ဖြည်းဖြည်းချင်းဖြတ်သန်းသွာသလာခွင့်ပေးထားပြီး ကုန်ကားကြီးတွေကိုတော့ ဖြတ်သန်းသွားလာတာတွေခွင့်မပြုထားဘူးလို့ ကားသမားတွေက ပြောပါတယ်။
” လက်ရှိအချိန်မှာ ယာဥ်ကြောကတော့ ပိတ်မနေပါဘူး၊ ဆိုင်ကယ်နဲ့ကားတွေကို ဖြည်းဖြည်းချင်းနဲ့ ဟိုဘက်လမ်း ဒီဘက်လမ်းကနေ တစ်လှည့်ခြင်းပေးသွားနေတယ်၊ ဖြည်းဖြည်းချင်းသွားတော့ နည်းနည်းတော့ကြာတာပေါ့၊ ကုန်ကားတွေကိုတော့ လုံးဝပေးမသွားသေးဘူး၊” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
ယခု ဇူလိုင်လ အစပိုင်းကစပြီး ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်က စစ်ကောင်စီတပ်တွေအဓိကထားပြီးအသုံးပြုနေတဲ့ လမ်း၊တံတားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက အစစ်အဆေးပြုလုပ်တာတွေ မိုင်းခွဲဖျက်စီးတာတွေကို မကြာခဏပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့ကလည်း ခလရ ၂၀၅တပ်ရင်းရှေ့မှာရှိတဲ့ ဘားအံ-သထုံကားလမ်းမကြီးပေါ်က ပေါင်းကူးတံတားတစ်စင်းမိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ယာဥ်ကြောပိတ်ဆို့တာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါ့အပြင် ဇွန်လ ၂၉ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံရပြီး ပျက်စီးခဲ့တဲ့ မွန်ပြည်နယ်၊ ဘီးလင်းတံတားကိုလည်း လက်ရှိအချိန်ထိ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Cj
Phar Si Than (People’s Radio Myanmar)