ဇူလိုင်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ဘက်ပိုင်းမှု တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ရေးမြို့နယ် မြောက်ဘက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေး တပ်တွေကြား တိုက်ပွဲ ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ပြုလုပ်ခဲ့တာပါ။
အခုလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုပြုလုပ်ခဲ့တာကြောင့် ရေးမြို့အပါအဝင် လမိုင်းမြို့၊ ခေါဇာမြို့နဲ့ နှစ်ကရင်ကျေးရွာတွေက ဒေသခံပြည်သူတစ်ချို့ဟာ မော်လမြိုင်မြို့နဲ့ မုဒုံမြို့ဘက်ကို ပြောင်းရွှေ့နေကြတယ်လို့ဒေသခံတွေက ပြောပါတယ်။
“အဓိကကတော့ ဒီနှစ်ကရင်ရွာမှာဆိုရင် ဒေသခံတွေ တော်တော်များများပြောင်းရွှေ့ကုန်ကြတယ်၊ ဒီ စကစတွေက သူတို့ပစ်လို့ရှိရင် ရွာထဲ မြို့ထဲ၊ ဒီပြည်သူလူထုကြားထဲကို သူတို့ပစ်ထည့်တယ်၊ ဒါကဘာလဲဆိုရင် ပြည်သူလူထုတွေကို ဆက်ထိမ်းဖို့အတွက်ကို အကြောက်တရားသွင်းတယ်ပေါ့ဗျာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ရေးမြို့နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေအားကောင်းလာတဲ့အပြင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မကြာခနဝင်ရောက်ပစ်ခတ် မှုတွေကိုခံရပြီး ရုံးတွေကိုပိတ်ထားရတာလည်း ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးတွေဝင်ပစ်ခံရတာတွေဟာ စစ်ကောင်စီတပ်က ဝန်ထမ်းတွေရဲ့လုံခြုံရေး အာမမခံနိုင်တော့တာကို သက်သေပြနေတာဖြစ်တယ်လို့ ရေးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အဖွဲ့ခေါင်းဆောင် ဗိုလ်ရန်နိုင်က ပြောပါတယ်။
“သူတို့ရဲ့ စစ်ကောင်စီလက်အောက်ရုံးတွေ ပိတ်ထားရတာက သူတို့ရဲ့ ရုံးဝန်ထမ်းတွေကို လုံခြုံရေးမယူနိုင်တော့ဘူးလေ၊ ဥပမာ နှစ်ကရင်ရဲစခန်းဆိုလို့ရှိရင် ဒီတိုင်းဘဲစွန့်လွှတ်လိုက်ရပြီး၊ လမိုင်းရဲစခန်းဘက်မှာလည်း သူတို့က နေ့ဘက်ဘဲရှိတယ် ညဘက်မရှိတော့ဘူး၊ ရဲစခန်းမှာ စစ်သားတွေဘဲ နေ့ခင်းမှာရှိတယ်၊ ညဘက်ဆိုလို့ရှိရင် ၁၀၆တို့ ၃၁၇အမြောက်တပ်တို့မှာနေကြတယ်၊ ဒါကသူတို့တွေရဲ့ အာဏာသိမ်းမှုမအောင်မြင်တာကို ဝန်ခံလိုက်တာဘဲ” လို့ သူကပြောပါတယ်။
အခုလို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးတွေကို ပိတ်ထားရတာကြောင့် ရေးမြို့နယ်ထဲက စစ်ကောင်စီအုပ်ချူပ်မှုယန္တရားအားလုံးနီးပါးရပ်တန့်သွားတယ်လို့ ဗိုလ်ရန်နိုင်က ဆက်ပြောပါတယ်။
လက်ရှိအချိန် ရေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နှစ်ကရင်ကျေးရွာထဲက ဒေသခံ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး နီးပါး ကျည်ထိမှန်ပျက်စီးခဲ့ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Cj
Phar Si Than (People’s Radio Myanmar)