ဇူလိုင်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်
ပဲခူးတိုင်းအတွင်းနဲ့ မွန်ပြည်နယ်အတွင်းက အဓိကသွားလာအသုံးပြုနေကြတဲ့လမ်းပိုင်းတွေကို ည ၆ နာရီ ကနေ မနက် ၆ နာရီအထိ သွားလာတာမျိုးမပြုလုပ်ကြဖို့ တောင်းပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲမှ ဇူလိုင်လ ၁ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားပြီးနောက် လမ်းပိုင်းအတွင်း သွားလာသူတွေ နည်းပါးလာ တယ်လို့ ယာဥ်မောင်းတွေထံမှ သိရပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနဲ့ မွန်ပြည်နယ် အတွင်းက ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းတွေကို သတ်မှတ်ထားတဲ့ ညဘက်အချိန် သွားလာခြင်းမပြုလုပ်ကြဖို့၊ နေ့ဘက်အချိန်တွေမှာလည်း မှန်ချမောင်းနှင်ဖို့နဲ့ ကြည်ဖြူစွာ အစစ်ဆေးခံဖို့ကို တောင်းပိုင်းစစ်ဒေသအမှတ် ၂ စစ်ဒေသခွဲမှ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မှ အမိန့်စာထုတ်ပြန်ပြီးနောက်ပိုင်း လမ်းပိုင်းအတွင်း ညနေ ၆ နာရီအချိန်ကစပြီး ကားသွားလာတာမျိုးမရှိသလောက်နည်းပါးနေပြီး စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေအရင်ကထပ်ပိုမိုပြုလုပ်လာပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခုချိန်ထိ လမ်းပိုင်းမှာစစ်ဆေးတာမျိုးမရှိသေးဘူးလို့ ရန်ကုန်-ဘားအံ၊ ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်း ကုန်ကားမောင်းနေသူတစ်ဦးကပြောပါတယ်။
“ကားဆရာတွေတော်တော်လိုက်နာကြတယ်၊ ခြောက်နာရီနောက်ပိုင်း လမ်းပေါ်ကားမရှိတော့ဘူး ရန်ကုန် မန္တလေး လမ်းပေါ်ကအစ၊ အခုတော့ PDF တွေလမ်းပေါ်တက်လာတာမတွေ့သေးဘူး လမ်းပေါ်တွေ့တာ အဘသားတွေပဲတွေ့တယ် သူတို့ကတော့ ပိုက်ဆံတောင်းရလို့ လမ်းပေါ်နေတာ အစစ်ဆေးမကြမ်းဘူး ပုံမှန်ပဲ ဖုန်းစစ်တယ် ဒီလောက်ပဲ စာမထွက်ခင်က မြို့ဝင်ထွက်နှစ်ဖွဲ့ရှိတာ အခု တော့ မြို့ဝင်ထွက် ကြားလယ် တွေပါရှိလာတာ” လို့ သူကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအမိန့်စာထုတ်ပြန်တာဟာ စစ်ကောင်စီတပ်သားတွေ ငွေကြေးတောင်း တာ များပြားလွန်းတာကြောင့် အခုလို အမိန့်စာထုတ်တာဖြစ်နိုင်တယ်လို့ ယာဥ်မောင်းတစ်ဦးက အခုလိုပြောပါတယ်။
“ကားတွေတော့ပါးတယ်ဗျ ညနေဆိုသိပ်မသွားကြမလာကြဘူး ၇နာရီကျော်ရင် အိပ်ကြပြီး မဟုတ်ပါဘူး ပိုက်ဆံတွေတစ်အားတောင်တာ လမ်းစစ်ဆေးဂိတ်တွေကရစ်လို့ထင်ပါတယ် ရန်ကုန်-မြဝတီဆို အသွားတင် ၂၂၀၀၀၀ ကုန်တယ် အရင်ဆို ၅၀၀၊ ၁၀၀၀ ပဲ ပေးရတာ အသွားအပြန်မှ ၃၀၀၀၀၊ ၄၀၀၀၀ လောက်ပဲကုန်တယ် ”လို့ သူကပြောပါတယ်။
အခုလိုအမိန့်စာထုတ်ပြန်တာဟာ စစ်ဆင်ရေးဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေအထိခိုက်နည်းအောင်၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းအနီးအနား ယာဥ်တန်းအနီးတွေမှာ သွားလာတာမျိုး မပြုလုပ်ဖို့၊ အိမ်စီးကားတွေအနေနဲ့လည်း စစ်ကောင်စီတပ်သားတွေ၊ ပစ္စည်းတွေကိုတင်ဆောင်တာမျိုး မပြုလုပ်ကြဖို့နဲ့ အခုထုတ်ပြန်စာဟာလည်း နောက်ထပ်တစ်စုံတရာထုတ်ပြန်တာမျိုးမရှိချိန် အကြုံးဝင်မှာဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၁၀ ရက်နေ့ကလည်း မွန်ပြည်နယ်၊ တနင်္သာရီတိုင်းအတွင်း အမှတ် ၈ လမ်းမကြီးပေါ်သွားလာနေတဲ့ မော်တော်ယာဥ်တွေကိုလည်း KNU တပ်မဟာ ၆ မှ အမိန့်စာ ထုတ်ပြန်ခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်နေ့မှ စတင်ကာ ဒီနေ့ ဇူလိုင်လ ၄ ရက်နေ့ထိကို အမှတ် ၈ လမ်းမကြီးအတွင်း သွားလာနေတဲ့ယာဥ်တွေကို နယ်မြေခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ အနေနဲ့ ဆက်တိုက်စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)