– ဇွန် ၄ ရက် ၂၀၂၃။
ဒီကနေ့ (ဇွန် ၄ ရက်) မနက် ၂ နာရီခန့်မှာ ဒီးမော့ဆိုအနောက်ခြမ်းက လူဦးရေ ၄၀၀ ကျော်ရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
“စုစုပေါင်း ၃ လုံးကြဲတာလေ၊ တလုံးက ဒီမယ် စာသင်ကျောင်းနားကျတာ၊ စာသင်ကျောင်းက ဖွင့်တာ တလတောင်မပြည့်သေးဘူး၊ နောက်အလုံးတွေက အဲ့ဒီဘေးဘက်နဲ့ တောင်နားကျတာပေါ့၊ သားအမိ ၃ ယောက်ထိသွားတယ် ဟိုးနားအိမ်က၊ ဘာလို့ကြဲမှန်းလဲ မသိပါဘူးဗျာ၊ ရဲဘော်စခန်းတွေဘာတွေထင်လို့နေမှာပေါ့၊ ကျတော်တို့လည်း အခုထိ တရေးမှ ပြန်အိပ်မရတော့ဘူး၊” လို့ စစ်ဘေးရှောင်ကော်မတီက တာဝန်ရှိသူတဦးက Karenni’s Voice ကို ပြောပြပါတယ်။
လေယာဉ်ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်စာသင်ကျောင်း၊ ခန်းမဆောင် အပါအဝင် တဲ ၆ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ နေအိမ်အတွင်း အိပ်နေတဲ့ မိသားစု ၃ ယောက်လည်း လက်နက်ကြီး ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
“လေယာဉ်ကြဲတော့ ကျမက ဒီအပေါ်အိမ်မှာလေ၊ ခယ်မတို့က အောက်မှာအိပ်နေရာကနေ ဗုံးသံကြားတော့ ကျမလည်း ကြောက်ပြီး အဲ့မှာထွက်လာတာ၊ အဲဒီအချိန် ခယ်မရဲ့ ယောကျာ်းက သူ့ကလေးလေးထိသွားပြီ လို့ အော်ပြီး တူလေးကိုချီပြီး ထွက်လာတာ၊ သူလည်း ခြေထောက်မှာသွေးတွေနဲ့ ကျမလည်း ဘာမှ မကြည့်ရဲဘူး၊ အခုက ခယ်မက သူ့စုထားတဲ့ပိုက်ဆံတွေ ကျမ်းစာစာအုပ်ထဲမှာ၊ ယူပေးဖို့ပြောလို့ လာရှာတာ” လို့ ဒဏ်ရာရတဲ့ အမျိုးသမီးရဲ့ အစ်မဖြစ်သူက Karenni’s Voice ကို ပြောပြပါတယ်။
ဒဏ်ရာရတဲ့ စစ်ရှောင်မိသားစုဟာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး၊ သူမရဲ့ ခင်ပွန်းဖြစ်သူ အသက် ၂၃ ခန့်အရွယ် အမျိုးသားနဲ့ ၃ နှစ်အရွယ် ကလေးငယ်တို့ဖြစ်ကြပါတယ်။ အမျိုးသမီးရဲ့ ဘယ်ဘက်လက်မောင်း ထိခိုက်ပြီး ဘယ်ဘက်လက် လက်ညိုးနဲ့ လက်ခလယ် နှစ်ချောင်းပြတ်ထွက်ဒဏ်ရာ၊ အမျိုးသားရဲ့ ပေါင်မှာ လက်နက်ကြီး အစမှန် ဒဏ်ရာတို့နဲ့ ကလေးငယ်ရဲ့ ဦးခေါင်းမှာ လက်နက်ကြီး အစမှန်တဲ့ ပေါက်ပြဲဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဆေးကုပေးခဲ့တဲ့ သူနာပြုဆရာမကလည်း Karenni’s Voice ကို ပြောပြပါတယ်။
စစ်ရှောင်စခန်းအတွင်းက စာသင်ကျောင်းလည်း ပျက်စီးသွားတဲ့အတွက် ကျောင်းပိတ်ထားဖို့ ဖြစ်လာရပါတယ်။
“ဒီရောမှာပဲ ပြန်ဖွင့်ရမလား ပြောင်းရမလား မသိသေးဘူး။ အကုန်ပျက်စီးသွားတော့ ကျောင်းတော့ ပိတ်ထားရမှာပေါ့။ ပြန်ဆောက်ပြီးမှ ဖွင့်ရမှာဆိုတော့ ဘယ်လောက်ကြာအောင် ပိတ်ထားရမလဲတော့ မသေချာသေးဘူး” လို့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းမှာ သင်ကြားပေးနေသူ ဆရာမတဦးက ပြောပြပါတယ်။
ယခုဗုံးကြဲတိုက်ခိုက်ခံရတဲ့ စစ်ရှောင်စခန်းမှာ ဒေါငံခါးက စစ်ရှောင်လာတာ နှစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ပြည်သူများနေထိုင်သလို ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ဒေါရှားရွာက စစ်ရှောင်လာတာ သုံးလကျော်ကြာပြီဖြစ်တဲ့ ပြည်သူများလည်း နေထိုင်နေကြပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ရှောင်စခန်းအတွင်းက ပြည်သူအချို့ ထပ်မံရွေ့ပြောင်းဖို့ ပြင်ဆင်နေကြပါတယ်။
“အစ်မတို့ ဒေါရှားက ရှောင်လာတာ သုံးလလောက်ပဲ ရှိသေးတယ်။ အခုလိုဆိုတော့ ရွာပဲ ပြန်နေရမလား မသိတော့ဘူး။ ပြောင်းတာတော့ ပြောင်းတော့မယ်။ တဲဘေးနာတင် ကျတာဆိုတော့ တဲလည်းအကုန်ပြန်ဆောက်ရမဲ့အတူတူ ရွာမှာပဲဖြစ်ဖြစ် ပြန်နေတော့မယ်” လို့ ဒေါရှားရွာက စစ်ရှာလာတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတဦးက Karenni’s Voice ကို ပြောပြပါတယ်။
ဇွန်လအတွင်းမှာလည်း တခါမှ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ဖရူဆိုနောက်ဘက်ခြမ်းက ရွာ ၃ ရွာကို စစ်ကောင်စီက ၃ ရက်ဆက် လေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ရပါသေးတယ်။ Karenni’s Voice က လက်လှမ်းမီသမျှ စုစည်းထားတဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနစ် ၂၀၂၃ ခုနစ် နှစ်နှစ်တာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၅ ဦး ရှိနေပြီ ဖြစ်ပါတယ်။
– Karenni’s Voice (People’s Radio Myanmar)
Photo – Karenni’s Voice