ဇူလိုင်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးအခြေနေတင်းမာလာတာကြောင့် ရေးမြို့ပေါ်က စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေပိတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေကြား ဇွန်လ လကုန်ပိုင်းလောက်ကစပြီး စစ်ရေးအခြေအနေတင်းမာနေကာ ရေးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခနတိုက်ခိုက်ခံနေရပါတယ်။
အခုလိုတိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ် လက်အောက်ခံ လ.ဝ.ကရုံး၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းရုံးအားလုံးပိတ်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ရုံးတွေကတော့ အကုန်နီးပါးပိတ်ကုန်ပြီး၊ လ.ဝ.က ရုံးကအရင်ပိတ်တာ၊ ပြီးခဲ့တဲ့နွေက ရေးဘီလူးအဖွဲ့ ဝင်ပစ်ထဲက ပိတ်ထားရတာ၊ အဲ့ဒီတုန်းက ဦးစီးတစ်ယောက်နဲ့ အရပ်သားတစ်ယောက်သေတယ်၊ အဲ့ဒီထဲက ပိတ်ထားတာ၊ တော်တော်ကြာပြီး၊ နေ့ခင်းဘက်ကတော့ ပုံမှန်သွားလာနေကြတာဘဲ၊ ဘယ်အချိန်ဘာဖြစ်မလဲတွေးပူနေကြတာတော့ရှိတာပေါ့” လို့ ရေးမြို့ဒေသခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကမော့ကနင်ကျေးရွာနဲ့ နှစ်ကရင်ကျေးရွာတွေမှာ ငွေကြေးအဆမတန်တောင်းယူပြီး မှတ်ပုံတင်လုပ်ပေးနေတဲ့ အငြိမ်းစား လ.ဝ.က ဒုဦးစီးမှူးရဲ့ ဇနီးကို ရေးဘီလူးအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုလိုရုံးတွေကိုပိတ်ထားပေမဲ့ ရုံးလုပ်ငန်းတွေကတော့ ဆက်လက်လည်ပတ်နေသေးတယ်လို့ ရေးမြို့ဒေသခံတွေက ဆိုပါတယ်။
“ပိတ်ထားတာကတော့ ၂ လ ၊၃ လလောက်ရှိပြီး၊ ရုံးတံခါးတွေကိုပိတ်ထားတာ၊ ရုံးအားလုံးနီးပါးဘဲ၊ ဒါပေမဲ့ ရုံးထဲမှာတော့ အလုပ်တွေလုပ်နေကြတယ်၊ တိုက်ပွဲကမများဘူး၊ ရုံးတွေဝင်ပစ်ခံရတော့ အခုလိုလုပ်နေတာပေါ့” လို့ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာ ရေး၊ မော်လမြိုင်၊ ထားဝယ်လမ်းပိုင်းကို တော်လှန်ရေးအင်အားစုတွေက ထိမ်းချုပ်ထားပြီး ဖြတ်သွားဖြတ်လာယာဥ်တွေမှာ ပါလာသူတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)