ဇူလိုင် ၃ ရက်၊ ၂၀၂၃ ခုနှစ်
ခလယ်လွီးထူခရိုင်တပ်မဟာ ၃ ၊ မူးမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နဲ့တာကြောင့် ၂ ရက်အတွင်း ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ မနက် ၅ နာရီဝန်းကျင်အချိန်မှစတင်ကာ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ရေတွင်းကုန်းကျေးရွာနဲ့ ဥသျှစ်ကုန်းကျေးရွာရှိ နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့တဲ့အပြင် အသက် ၄၀ ကျော်အရွယ်အမျိုးသား ၁ ဦးနဲ့ ၃၀ အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေတွင်းကုန်းကျေးရွာရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ပစ်တာကတော့တောက်လျှောက်ပစ်နေတာ တစ်နေကုန်ပဲ၊ ဘယ်တပ်ကပစ်မှန်းမသိဘူး၊ အတီးစိုးမိုးခိုင်နဲ့ ကိုခါဒူ ထိတယ်လို့ကြားတယ်၊ ကျွန်တော်တို့လဲရှောင်နေရတာဆိုတော့ ထိတာကတော့ နှစ်ယောက်ထဲထိတာပါ အိမ်တွေကတော့ပျက်စီးတာပေါ့၊ အခုညဘက်လဲပစ်နေတယ် ရေတွင်းကုန်းလေး ဘက်ကနေ အသံတွေကြားနေရတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့မနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မုန်းမြို့နယ်အတွင်းရှိကျေးရွာထဲကို ဆက်တိုက်ပစ်ခက်နေတာကြောင့် အုန်းပင်စုကျေးရွာက အသက် ၅၀ ဝန်းကျင်အရွယ် ဒေသခံတစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ဒီမနက်လည်းတမနက်လုံး လက်နက်ကြီးတွေထုတယ်၊ ဒေသခံတစ်ယောက်ထိတယ် အုန်းပင်စုရွာသား၊ ရွာသားတွေကတော့ အကုန်ထွက်ပြေးကုန်ပြီ၊ ဒဏ်ရာကတော့သိပ်တော့မစိုးရိမ်ရဘူး နားထင်ကိုရှပ်ထိ သွားတာ” လို့ သူကပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ကျေးရွာအတွင်းကို နှစ်ရက်ဆက်တိုက် ပစ်ခတ်နေတာကြောင့် စုစုပေါင်းအိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ရေတွင်းကုန်းကျေးရွာ၊ အုန်းပင်စုကျေးရွာနဲ့ ဥသျှစ်ပင်ကျေးရွာက ဒေသခံပြည်သူ ၁၀၀၀ ဝန်းကျင်လောက်က ဆွေမျိုးတွေရှိရာ အနီးအနားကျေးရွာ တွေနဲ့ ကျောက်ကြီးမြို့နယ် ဘက်မှာ သွားရောက်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)