ဇူလိုင် ၁ ရက်၊ ၂၀၂၃။
စစ်ကောင်စီရဲ့ လေယာဉ်တစီးကို ယမန်နေ့ (ဇွန် ၃၀ ရက်) နေ့လည်က ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ) ထံက သိရပါတယ်။ စစ်ကောင်စီရဲ့ လေယာဉ်ဟာ မြေပြင်နဲ့ နီးကပ်စွာ ပျံသန်းခဲ့တဲ့အတွက် ဘောလခဲခရိုင်အတွင်းက ရွာသစ် နယ်ခြားစောင့်တပ်စခန်းအနီးမှာ ပစ်ချနိုင်ခဲ့တာလို့ သိရပါတယ်။
“ကျတော်တို့ ကလလတ ဗဟိုကလည်း အတည်ပြုပြီးပါပြီ။ ပစ်ချနိုင်ခဲ့ပါတယ်။ ဟတ်စကီးတော့ မဟုတ်ဘူး။ တိုက်လေယာဉ်ပါ၊ ဘာအမျိုးအစားလဲတော့ အတည်မပြုနိုင်သေးဘူး။ မြေပြင်ကို နှိမ့်နှိမ့်လေး ကပ်ပျံသွားလို့ လက်နက်ငယ်တွေနဲ့ပဲ ဝိုင်းပစ်ချ နိုင်ခဲ့ပါတယ်လို့ မြေပြင်က ရဲဘော်တွေက သတင်းပို့လာပါတယ်။” လို့ ကလလတ တာဝန်ရှိသူတဦးက Karenni’s Voice ကို ပြောပြပါတယ်။
ပျက်ကျခဲ့တဲ့ စစ်ကောင်စီ လေယာဉ်အစိတ်အပိုင်းများဟာ ယခုထိ သံလွင်မြစ်နံဘေးမှာ ရှိနေပေမဲ့ လေယာဉ်ပျက်ကျရာ အနီးအနားမှာ စစ်ကောင်စီက မြေပြင်ရော ဝေဟင်ကပါ စောင့်ကြပ် ပျံသန်းမှုတွေ ရှိနေတာကြောင့် သွားရောက်ဖို့ ခက်ခဲတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Karenni’s Voice က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ KNDF မြေပြင်ရဲဘော်များအနေနဲ့တော့ တိုက်လေယာဉ်ပျက်ကျမှုကို ယခုထိ သေသေချာချာ အတည်ပြုနိုင်တာမျိုး မရှိသေးဘူးလို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက ပြောပြပါတယ်။
ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(ကလလတ)ဟာ စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်နေပြီဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၁ ရက်)မှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နဲ့ နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားဖို့အသင့်ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
▪️Karenni’s Voice (People’s Radio Myanmar)
Photo – Karenni’s Voice
ပုံဟောင်း – မေ ၂၀ ရက် ဒီးမော့ဆိုမြို့နယ်တနေရာကို ဗုံးကြဲပစ်ခတ်နေတဲ့ စစ်ကောင်စီ တိုက်လေယာဉ်တစီး