ဇွန်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် ခလရတပ်ရင်း ၉၇ ရှေ့မှာ ဇွန်လ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်လောက်က လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာရှိတဲ့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“၃ လုံးကျတယ်၊ ၉၇ ရှေ့မှာဘဲ၊ မနေ့ကတော့ လူထိခိုက်တာတွေမရှိဘူး၊ တောထဲဘက်ကပစ်တာ၊ ဘယ်အဖွဲ့ကပစ်တာလဲတော့မသိဘူး၊ ၂၈ ရက်နေ့ကတော့ ၉၇ နားက သစ်တောရုံးနားမှာကျပြီးတော့ တက္ကစီဆွဲတဲ့ ဦးလေးကြီးတစ်ဦးသေသွားတယ်” လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သစ်တော့ရုံးရှေ့မှာနေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ် ဦးစိုးမြင့်ဆိုသူ သေဆုံးခဲ့ရပြီး ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“သစ်တောရုံးရှေ့က မေချိုဦးရဲ့ညီမ ယောင်္ကျားထိတာ၊ မချိုဦးက ဝန်ထမ်း၊ အဲ့ဒီဦးလေးက ကားရွှေ့တာ ၊ ကားပေါ်တည့်တည့်ကျတာ၊ ပွဲချင်းပြီးပဲ၊ ဗိုက်ပါပွင့်တယ်၊ ကားစုတ်ပြတ်သတ်သွားတယ်၊ ဆိုင်ကယ်ကတော့ မီးလောင်သွားတယ်၊ အမကြီးတစ်ယောက်ကတော့ ဆီဆိုင်ထဲကထွက်လာတော့ အစစင်တာ၊ သူ့ကိုတော့ တောင်ကလေးဆေးရုံကိုပို့လိုက်တယ်” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုပါတယ်။
အခုလို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာဟာ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာ ဖားစည်သံ သတင်းအဖွဲ့က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ကော့ကရိတ်မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာတာတွေရှိနေပြီး စစ်ကောင်စီတပ်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နဲ့ အနီးနားကျေးရွာတွေဘက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဇွန်လတစ်လအတွင်း ဒေသခံ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)