
မော်လမြိုင်၊ ဇွန်၊ ၂၉
မွန်ပြည်နယ် သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းဖောက်ခွဲခံရပြီး ဖောက်ခွဲခံရတဲ့ တံတားကို လာစစ်တဲ့ ခရိုင်အဆင့်တာဝန်ရှိသူတွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ တံတားက ညက အရင်မိုင်းခွဲခံရတာ၊ ဒီမနက်မှာမှ အဲဒီတံတားကို လာစစ်တဲ့ ခရိုင်မှူးအဆင့်လူကြီးတွေ ဝန်ထမ်းတွေ၊ လူများကြီးပဲပေါ့၊ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာ၊ ခရိုင်လမ်းဦးစီးမှူးနဲ့ ထွေအုပ်ဝန်ထမ်းတစ်ဦးသေတယ်။ ဒဏ်ရာရတာတော့ အများကြီးပဲ အခုသိထားသလောက် ၂၀ ကျော်တယ်။” လို့ ဒေသခံတစ်ဦးက People’s Radio Myanmar ကို ပြောပါတယ်။
ဇွန်လ ၂၉ ရက် ညနက်ပိုင်းမှာ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ် ရန်ကုန်မော်လမြိုင်အဝေးပြေးကားလမ်းပေါ်က ကျုံအိတ် တံတားကို KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။
မိုင်းထောင်ဖောက်ခွဲတဲ့အချိန်မှာ အိမ်စီးကားသုံးစီးထိမှန်ခဲ့ပြီး ကားနှစ်စီးက တံတားအောက်ပြုတ်ကျခဲ့ရာ ယာဉ်ပေါ်တဲ့ ဥပဒေရုံးဝန်ထမ်းတစ်ဦးသေဆုံးကာ၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ-သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဌ ဦးကျော်မြင့် က ပြောပါတယ်။
အဲနောက် ဒီကနေ့ နံနက် ၇ နာရီခွဲမှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတဲ့ ကျုံအိတ်တံတားကို လာစစ်ဆေးကြတဲ့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာလူကြီးတွေအပါအဝင် ဝန်ထမ်းတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို KNLA , PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၀ ချကာ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ လူကြီးပိုင်းတွေ အများကြီးပဲ လာစစ်တာပေါ့၊ အဲမှာ ပူးပေါင်းအဖွဲ့က ဒရုန်း ၁၀ လုံးနဲ့ ထပ်ချတာ၊” လို့ ဦးကျော်မြင့် က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိထားတဲ့သူတွေကို သထုံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြပြီး အဲဒီထဲက တချို့ဆိုရင် ဒဏ်ရာပြင်းထန်တယ်လို့ သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ စစ်သားတွေ ရဲတွေရယ်၊ မီးသတ်လည်း ပါတယ်။ အင်ဂျင်နီယာတွေလည်း ပါတယ်။ လူကြီးပိုင်းလည်း ပါတယ်၊ အခုသူတို့ ထိသွားတဲ့သူတွေကလေ၊ ဟုတ်တယ်၊ ဆေးရုံမှာပဲ၊ တချို့ကျတော့ ဒဏ်ရာနည်းနည်းများတာပေါ့နော်။” လို့ ပြောပါတယ်။
အဆိုပါကျုံအိတ်တံတားက အလျား ၉၅ ပေနဲ့ အရှည် ၃၆ ပေရှိပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တံတားထက်ဝက်နီးပါးပြိုကျ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိ တံတားမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ လမ်းမတလျှောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံယူတင်းကြပ်ထားပြီး အဲဒီတံတား မှာ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဝန်ပေါ့တဲ့ ကုန်တင်ယာဉ်တချို့ကို ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဓါတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်