ဇွန်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်မြို့၊ တောင်ငူ-လိပ်သိုကားလမ်းမှာ စစ်ကောင်စီတပ်က ဂိတ်ချပြီး ငွေကြေးအဆမတန်ကောက်ခံတာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ၆၀၃ တပ်နဲ့ ပြည်သူစစ် ဗိုလ်ကျော်ဝေရဲ့ လက်အောက်ငယ်သားတွေ စုပေါင်းပြီး တောင်ငူ – လိပ်သိုလမ်းမှာ ဂိတ်ချပြီး ပိုက်ဆံကောက်ခံတာတွေကို ပြုလုပ်နေတဲ့အပြင် ကားသမားတွေကို ဆဲဆိုအော်ပြောတာတွေကိုပါပြုလုပ်နေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
“ပိုက်ဆံက ကားတစ်စီးကို အနည်းဆုံး ၅၀၀၀ လောက်ကစပြီး ကားပေါ်မှာ ပစ္စည်းများရင် များသလောက် ပေးရတာ၊ ဂိတ်ကတော့ အဟောင်းတွေကော အသစ်တွေကော ရှိတယ်၊ လိပ်သိုအထွက်နဲ့ ထိုးဘိုကြီး စခန်းမှာပိုပြီးစစ်ဆေးကြတယ်၊ ကားသမားတွေကတော့ ဆဲဆိုအော်ပြောခံရတယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က တောင်ငူ-လိပ်သိုလမ်းမှာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကစပြီး ဆန်၊ ဆီ၊ ဆေးဝါးနဲ့ ရိက္ခာသယ်ယူတာတွေကို ကန့်သတ်ထားပြီး ဆန် ၁၀ အိတ်ထပ်ပိုပြီးသယ်ယူပါက ဝယ်ယူလာတဲ့စျေးအတိုင်း ပိုက်ဆံပေးဆောင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဆန်က ၁၀ အိတ်ဘဲ သယ်လို့ရတယ်၊ တစ်အိတ်ကို ၄၅၀၀ အခွန်ဆောင်ရတယ်၊ ၁၀ အိတ်ထပ်ပိုပြီး သယ်ရင် စစ်တပ်ကသိမ်းတယ်၊ မြို့နယ်ထွေအုပ်ရုံးမှာ ထောက်ခံစာယူရပါတယ် ဆန်အိတ်သယ်ရင်၊ ၁၀ အိတ်ထပ်ပိုပြီးသယ်လို့ သိမ်းခံထိပြီး ဆန်အိတ်ပြန်လိုချင်ရင် ဝယ်ရစျေးအတိုင်း ပိုက်ဆံပြန်ပေးရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် တောင်ငူမြို့နဲ့ လိပ်သိုမြို့မှာ ဆန်စျေးအဆမတန် မြင့်တက်နေတယ်လို့ တောင်ငူမြို့ဒေသခံတွေက ဆိုပါတယ်။
“အရင်က ရိုးရိုးဆန်တစ်အိတ်ကို ၅ သောင်းကျော်ကနေ အခုဆိုရင် ၆၇၀၀၀ လောက်အထိရှိနေပြီး၊ ပေါင်ပြည့်အိတ်ကို၊ ဆန်ကောင်းတွေကကျတော့ လက်ရှိအချိန်မှာ ၇၂၀၀၀ ကနေ ၈၀၀၀၀ အထိ ပေါက်စျေးရှိတယ်၊ ရိုးရိုးဆန်က လက်ရှိအချိန်မှာ ၁၇၀၀၀ ကနေ ၂၂၀၀၀ အထိ စျေးတက်လာတယ်” လို့ တောင်ငူမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် တောင်ငူမြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေပြီး ဇွန်လ ၁၇ ရက်နေ့ညကလည်း စစ်ကောင်စီတပ်ရဲ့ ၁၆ မိုင် တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ချောင်းနှစ်ခွကျေးရွာထဲက ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)