ဇွန်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဇွဲကပင်ပလာဇာ မဖွင့်လှစ်နိုင်သေးဘဲ ရပ်တန့်နေတာကြောင့် ဆိုင်ခန်းဝယ်ယူထားတဲ့ ဆိုင်ခန်းရှင်တွေမှာ နစ်နာဆုံးရှုံးမှုတွေရှိလာတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေထံမှသိရပါတယ်။
ဇွဲကပင်ပလာအတွင်းရှိ ဆိုင်ခန်းပေါင်း ၃၀၀ လောက်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလမှာ UHM ကုမ္ပဏီက ကြိုတင်ရောင်းချခဲ့တာဖြစ်ပြီး အခု ၂၀၂၃ ခုနှစ် ၄ နှစ်ကြာတဲ့အထိ ဈေးဝယ်စင်တာမှာ မဖွင့်လှစ်နိုင်သေးတဲ့အပြင် ဆောက်လုပ်ပြီးစီးတာမျိုးမရှိသေးတာကြောင့် ဆိုင်ခန်းဝယ်ယူထားတဲ့ ပိုင်ရှင်တွေမှာ ငွေကြေးနစ်နာဆုံးရှုံးမှုတွေရှိလာတယ်လို့ ဆိုင်ခန်းပိုင်ရှင် တစ်ဦးကပြောပါတယ်။
“ဝယ်တုန်းက တစ်ခန်း ၃၀၀ ပါ၊ ကိုဗစ်မတိုင်ခင်ကတည်းက သူတို့အပ်ရမှာ၊ အလုံးရင်းနဲ့ချေထားသူလဲ နစ်နာပါတယ် ဝယ်တုန်းက ရွှေငါးဆယ်သားမက၊ အခု နှစ်ဆယ်သားတောင်မရဘူး၊ ပိုဝယ်ထားတဲ့သူ ပိုရှုံးပေါ့ အများနဲ့အထပ်ပိုင်းကျ သူတို့ဘယ်လိုဘယ်ပုံနဲ့ချူပ်ထားလဲမသိပါဘူး တစ်ယောက်မှ အသံမထွက်လာဘူး ကိုဗစ်မှာအလုပ်သမားမရလို့ဘာညာနဲ့ရောချပီး ရပ်ထားတာကြာပီ” လို့သူက ပြောပါတယ်။
ဒါ့အပြင် ဘဏ်နဲ့ချိတ်ဆက်ကာ အရစ်ကျဝယ်ယူသူတွေမှာလည်း ဘားအံမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ကို အခု ၂၀၂၃ ခုနှစ်ထိ ငွေးကြေးဆက်လက်ပေးသွင်းနေရကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘက်မှ တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးတာမျိုးမရှိဘူးလို့ဆိုပါတယ်။
ဇွဲကပင်ပလာဇာ ဈေးဝယ်စင်တာအဆောက်အအုံကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းက ဆောက်လုပ်နေတာဖြစ်ပြီး အခု ၂၀၂၃ ခုနှစ် ၄ နှစ်ကျော်ကြာအထိအဆောက်အအုံတွေမှာ မပြီးသေးတာကြောင့်အခုချိန်ထိ ဆိုင်ခန်းဖွင့်မရသေးလို့ ဆိုင်ခန်းပိုင်ရှင်တွေပြောပြချက်အရသိရပါတယ်။
ဘားအံကားဝင်းကြီးဟောင်းနေရာကို မြို့ပြဖွံ့ဖြိုးစီမံချက်အရ ဖယ်ရှားပြီးနောက်ပိုင်း ဈေးဝယ်စင်တာဆောက်လုပ်ဖို့အတွက် ရွေးချယ်ပွဲကို ပြီးခဲ့ တဲ့ ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ပ ကျင်းပခဲ့တာဖြစ်ပြီးရွေးချယ်ပွဲကို ချစ်လင်းမြိုင် ကုမ္ပဏီ၊ UHM ကုမ္ပဏီနဲ့ ဂမုန်းပွင့်ကုမ္ပဏီတို့ ဝင်ရောက်ယှဥ်ပြိုင်ကြတာဖြစ်ပြီး UHM ကုမ္မဏီက အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)