– ဇွန် ၂၆ ရက် ၂၀၂၃။
ယမန်နေ့ (ဇွန် ၂၅ ရက်) နေ့လည်အချိန်မှာ ဖားဆောင်းအပြင်ဘက်က နားကစ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာကြောင့် နားကစ်ရွာက အမျိုးသား ၄ ဦး သေဆုံးခဲ့တယ်လို့ Free Burma Ranger ထံက သိရပါတယ်။ FBR အဖွဲ့က စစ်ရှောင်ကလေးတွေနဲ့အတူ Good Life Club ပရိုဂရမ် ပြုလုပ်စဉ် လေကြောင်းတိုက်ခိုက်တာကို တွေ့မြင်ခဲ့ရတာလို့ သိရပါတယ်။
“မနေ့က ကျတော်တို့ စစ်ရှောင်ကလေးတွေနဲ့ Children Program တခုလုပ်နေတုန်း နေ့လည်ခင်းမှာ မြန်မာစစ်တပ်က ဖားဆောင်းအပြင်ဘက်နားက နားကစ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တယ်။ အရပ်သား ၄ ဦး သေဆုံးခဲ့တယ်။ ကျတော်တို့ ရုပ်အလောင်းတွေကို KA နဲ့အတူ မြှုပ်နှံပေးခဲ့ပါတယ် ” လို့ Free Burma Ranger တည်ထောင်သူ David Eubank က Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
သေဆုံးသူ အမျိုးသား ၄ ဦးအနက် အသက် ၄၀ ဝန်းကျင်အမျိုးသား ၂ ဦးနဲ့ အသက် ၃၁ အရွယ် အမျိုးသား ၁ဦး၊ အသက် ၂၂ အရွယ် အမျိုးသား ၁ ဦး ပါဝင်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းထိခိုက်ကာ နေအိမ်တချို့ ပြာကျခဲ့ပြီး ဒေသခံတွေဟာ နေရာအနှံ့ တိမ်းရှောင်နေရတယ်လို့လည်း FBR က ၎င်းတို့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
“မနေ့က ကျတော်တို့ ဂူတွေအပါအဝင် တောင်တောင်နေရာတွေမှာ တိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေ အများကြီး တွေ့ခဲ့တယ်၊ ဂူထဲ ရှောင်နေတဲ့ ဘုန်းကြီးတပါးရဲ့ ဒဏ်ရာတွေကိုလည်း ဆေးကုပေးဖြစ်ခဲ့တယ်၊ အခု နေရာအသီးသီးက စစ်ဘေးရှောင် မိသားစု ၇၄ စုနဲ့ GLC ပရိုဂရမ် ပြုလုပ်နေပါတယ်” လို့ David Eubank က ပြောပြခဲ့ပါတယ်။
ဖားဆောင်းမှာ ၅ ရက်တာအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၆၀၀၀ ကျော် ရှိလာပြီလို့လည်း ၎င်းက ဆက်လက်ပြောပြပါတယ်။
ဇွန် ၂၁ ရက်က စတင်တဲ့ ဖားဆောင်းမြို့နယ်အတွင်းက တိုက်ပွဲများကြောင့် မယ်စဲ့၊ ဟိုစဲ့၊ ပန်တိန်း၊ ဖားဆောင်း၊ ဘောလခဲတို့မှ လူဦးရေ စုစုပေါင်း ၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ၅,၀၀၀ ကျော်ဟာ ထိုင်းအာဏာပိုင်များရဲ့ ကန့်သတ်မှုကြောင့် နယ်စပ်ဒေသကို ဖြတ်ကျော်ခွင့်မရ ဖြစ်နေပါတယ်။ မြန်မာ-ထိုင်းနယ်စပ်က ဆောင်ဟန်စစ်ရှောင်စခန်းကို ထိုင်းအာဏာပိုင်များက ရက် ၂၀ ခန့် ပိတ်ထားတာကြောင့် ဒေသကို ဖြတ်ကျော်ခွင့်မရ ဖြစ်နေပါတယ်။ မြန်မာ-ထိုင်းနယ်စပ်က ဆောင်ဟန်စစ်ရှောင်စခန်းကို ထိုင်းအာဏာပိုင်များက ရက် ၂၀ ခန့် ပိတ်ထားတာကြောင့် နယ်စပ်တလျောက် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ)က စီစဉ်ထားတဲ့ စစ်ရှောင်စခန်းများမှာ စစ်ရှောင်ပြည်သူများဟာ နယ်စပ်ဖြတ်ကျော်ဖို့ စောင့်ဆိုင်းနေကြပါတယ်။
– Karenni’s Voice (People’s Radio Myanmar)
Photo – Free Burma Rangers
ဇွန် ၂၅ ရက်က နားကစ်ရွာကို လေကြောင်းတိုက်ခိုက်ခံရစဉ်။