ဇွန်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာထဲရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံမှာသိရပါတယ်။
ဇွန်လ ၂၅ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်အချိန်မှာ နှစ်ကရင်ကျေးရွာအတွင်းရှိ နေအိမ်ခြံဝင်း တစ်ခုအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ အသက် ၈ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၂ ဦးမှာလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ကာ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
“ကျွန်တော်တို့သိတာက ၅ ယောက်၊ ၁ ယောက်ကသေတယ်၊ ယောင်္ကျား ၁ ယောက်ဆိုရင် ဒူးခေါင်းမှာ ဒဏ်ရာကတော်တော်ကြီးတယ်၊ နောက်တစ်ယောက်ကလုံးဝထမနိုင်ဘူး အဲ့တာက လက်တေကော မျက်နှာတွေကော ခြေထောက်တွေမှာကော ခြေထောက်ကော လက်ကောနှစ်ဖက်စလုံး အသက်ကြီးကြီးမိန်းမကြီးတစ်ယောက်က လက်မှာနည်းနည်းပဲထိတယ်၊ ကလေးတစ်ယောက်က တင်ပါးမှာရယ် ပေါင်မှာရယ်၊ သေဆုံးတဲ့သူကတော့ ဦးခေါင်းပွင့်ထွက်သွားတယ်”လို့ သူကပြောပါတယ်။
ဒဏ်ရာရှိသူ ၄ ဦးကို လမိုင်းဆေးရုံးကိုပို့ဆောင်ခဲ့ပေမဲ့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသား ၂ ဦးမှာ အခြေနေစိုးရိမ်ရတာကြောင့် မော်လမြိုင်ဆေးရုံကို ထပ်မံပို့ဆောင်ပေးခဲ့ရတယ်လို့ဆိုပါတယ်။
ဒါအပြင် ဇွန်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်မှစတင်ကာ နေ့လည် ၂ နာရီအချိန်ထိ နှစ်ကရင်ရဲစခန်းအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNLA/PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ မြေပြင်အတွင်း ပါဆောင်ရွက်နေသူတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
နှစ်ကရင်ကျေးရွာအတွင်း လူဦးရေစုစုပေါင်း ၁၀၀၀ ဝန်းကျင်ရှိပြီး ကျေးရွာအတွင်းက လူဦးရေ ၄၀၀ ဝန်းကျင်လောက်မှာတော့ ဆွေမျိုးတွေနဲ့ အသိတွေရှိရာ မော်လမြိုင်မြို့နဲ့ သံဖြူဇရပ်မြို့တွေမှာ သွားရောက်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – လမိုင်းလူငယ်ပရဟိတလူငယ်များအဖွဲ့
Phar Si Than (People’s Radio Myanmar)