ဇွန်လ ၂၆ ရက်၊ ၂၀၂၃ ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ရွာထဲက နေအိမ်တွေကို ထပ်မံမီးရှို့ခဲ့ရာ နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၂၆ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်လောက်မှာ ရွာထဲက မီးခိုးတွေကို မြင်ရပြီး မီးရှို့ခံရတဲ့ အိမ်တွေက PDF နဲ့ ဆက်စပ်သူတွေရဲ့ နေအိမ်တွေဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။
“၈ နာရီထိုးခါနီးလောက် မီးခိုးမြင်ရတာက၊ PDF နဲ့ ဆက်စပ်တဲ့အိမ်လို့သိရတယ်။ ပြောရရင် PDF ရှိတဲ့အိမ်ပေါ့” လို့ သူကပြောပါတယ်။
မီးရှို့ခံရတဲ့နေအိမ်တွေက ရွာရဲ့ အလယ်ပိုင်းနဲ့ အင်းဘူးအပိုင်းက မီးခိုးတွေထွက်လာဖြစ်တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။
“ရွာထဲလည်း ဝင်လို့မရတော့ အဝေးကဘဲမြင်ရတာ။ ခန့်မှန်းရသလောက်ကတော့ ရွာအလယ်ပိုင်းနဲ့ အင်းဘူးအပိုင်းလောက်က ဖြစ်လောက်တယ်” လို့ သူကပြောပါတယ်။
အခုလက်ရှိအချိန်အထိ ရငဲရွာမှာ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရပြီး ရွာသားတွေကို စစ်ကောင်စီတပ်က ရွာထဲကိုလည်း ပေးမဝင်ဘူးလို့ ဒေသခံကဆိုပါတယ်။
“ရွာနားက ကပ်လို့တောင်မရ။ တချို့လူတွေက စစ်တပ်နဲ့ပိုင်တဲ့ ဘုန်းကြီးကနေတဆင့် ပိုက်ဆံပေးပြီး ပစ္စည်းဝင်ယူတဲ့ ရွာခံတွေတော့ရှိတယ်။ အခုတော့ ဘုန်းကြီးပါမဝင်ခိုင်းတော့ဘူး” လို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ရွာထဲမှာ တပ်စွဲထားတဲ့အပြင် နေအိမ်တွေက ပစ္စည်းတွေကို ခိုးယူတာနဲ့ ရိုက်ဖြိုဖျက်ဆီးတာတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကလည်း ရငဲရွာရှိ မြွေတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ရွာထဲကို ၅ ချက်လောက် ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံကပြောပါတယ်။
“စစ်ကြောင်းထိုးမယ်ဆိုပြီးကြားတယ်။ မနေ့ကတောင် လက်နက်ကြီး ၅ ချက်ထုသေးတယ်။ ရွာထိပ် မြွေတောင်ကနေထုတာ” လို့ သူကပြောပါတယ်။
ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၆ ရက်နေ့တို့မှာ ရငဲရွာက နေအိမ် ၅ လုံးလောက်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၉ ရက်နေ့ကလည်း ကနက်သီရီရွာက နေအိမ်အများအပြားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
People’s Radio Myanmar (Phar Si Than)