ဇွန် ၂၅ ရက် ၂၀၂၃။
ဇွန် ၂၁ ရက်ကနေ ၂၃ ရက်အထိ ၃ ရက်ဆက် သန်းခေါင်အချိန်မှာ စစ်ကောင်စီက ဖရူဆိုအနောက်ခြမ်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အိမ်ခြေ ၄၀ ဝန်းကျင်သာရှိတဲ့ ရွာ ၃ ရွာကို လေကြောင်းကနေ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဇွန် ၂၂ ရက် မနက် ၄ နာရီအချိန်က ဖရူဆိုအနောက်ခြမ်း ဒိုရော့ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၅၂ နှစ်အရွယ် ဦးလွီးစီ ကျောကုန်းထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၅ နှစ်အရွယ် မိန်းကလေးနဲ့ ၂ နှစ်ခွဲအရွယ် ယောကျာ်းလေးနဲ့ ၎င်းတို့ရဲ့ အမေဖြစ်သူ တို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“ထိတဲ့ မောင်နှမ နှစ်ယောက်က ဒီဘက်အိမ်မှာ အိပ်နေတာ၊ သူ့အဖေအမေရယ်လဲ ရှိတယ်၊ ကလေးတယောက်က သူ့ခြေမနဲ့ ခြေချောင်း နှစ်ချောင်း ပြတ်ထွက်သွားတယ်၊ ကလေးတယောက်က ခြေသလုံးထိတာ၊ ဆေးကုနေတယ်။ သူတို့အမေက မျက်ခုံးနားရှပ်ထိတာ အနာက ခုအစိမ်းကြီး ရှိသေးတယ်၊ ဒါမဲ့ ဆေးခန်းသွားမပြရဲဘူးပြောတယ်၊ လေယာဉ်ကြဲတာ ကြောက်လို့တဲ့၊ ဖြစ်ကတည်းက တောထဲသွားရှောင်နေကြပြီ” လို့ တောထဲရှောင်နေရာကနေ နေအိမ်ခနပြန်လာပြီး ပစ္စည်းလာယူတဲ့ ဒိုရော့ ဒေသခံသက်လတ်ပိုင်း အမျိုးသမီးတဦးက Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
၃ ညဆက် ဗုံးကျဲတိုက်ခိုက်ခံရတာကြောင် ဒေသခံတွေဟာ ရွာမှာမနေရဲတော့ဘဲ အနီးအနာတောတောင်တွေထဲကို တိမ်းရှောင်နေကြပါတယ်။ လူဦးရေ ၁၅၀ ခန့်ဟာ တောတောင်ထဲမှာ မိုးကာတဲထိုးပြီး မိုးဒဏ်ကို ရင်ဆိုင်တိမ်းရှောင်နေရပါတယ်။ ရွာခံများ အားလုံး ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် သေဆုံးခဲ့တဲ့ ဦးလွီးစီရဲ့ ဈာပနကိုလည်း လူ သုံးယောက်ခန့်နဲ့သာ ပြုလုပ်နိုင်ခဲ့တာပါ။
“ဗုံးကြဲခံရပြီး လူတွေလည်း ချက်ချင်း တောထဲ ပြေးရှောင်ကြတော့ ဦးလေးကြီးရဲ့ ဈာပနကိုလည်း ကျတော်အပါအဝင် ၃ ယောက်လောက်နဲ့ပဲ မြန်မြန်လုပ်လိုက်ရတယ်၊ အခု တောထဲမှာလည်း မိုးကရွာနဲ့ ကျတော်တို့ မိုးကာတွေတော့ သွားသယ်နေတယ်၊ လူအကုန်တော့မလောက်ဘူး၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကိုတော့ ဦးစားပေးနေနေရတယ်” လို့ ဒိုရော့အထက်ရွာက ဒေသခံ အမျိုးသားတဦးကလည်း ပြောပြခဲ့ပါတယ်။
ဒိုရော့ရွာထဲကို စစ်တပ်က ဗုံး ၂ လုံးကျဲချခဲ့တာဖြစ်ပြီး နေအိမ် ၂ လုံး လုံးဝပြိုကျပျက်စီးကာ ဘုရားကျောင်းအပါအဝင် နေအိမ် ၄ အိမ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဇွန် ၂၁ ရက် နဲ့ ၂၂ ရက် သန်းခေါင်အချိန်က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လုခူးပရာရွာမှာလည်း စာသင်ကျောင်းအပါအဝင် နေအိမ် ၅ အိမ် ထိခိုက် ပျက်စီးခဲ့ပါသေးတယ်။ ဇွန် ၂၃ ရက်မှာပဲ စစ်ကောင်စီက လုခူးပရာ၊ ဒိုရောတို့နဲ့ ကပ်လျက် ရာဧပရားရွာကိုလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ယခုစစ်ကောင်စီဗုံးကြဲတိုက်ခိုက်တဲ့ ကျေးရွာများဟာ အိမ်ခြေ ၄၀ ခန့် လူဦးရေ ၂၀၀ ခန့်စီသာရှိတဲ့ ရွာငယ်များဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် လူသူအရောက်အပေါက်လည်း နည်းတဲ့ရွာတွေ ဖြစ်တာကြောင့် တောတောင်ထဲရှောင်နေရသူတွေဟာ အကူအညီပိုလိုအပ်လျက်ရှိနေပါတယ်။ အဆိုရွာရွာတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိသလို ဘယ်အဖွဲ့အစည်းမှလည်း အခြေချ နေထိုင်ခြင်း မရှိဘူးလို့ ဖရူဆို PDF က Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီ ၁၇ ရက်က ဖရူဆိုမြို့နယ် ရိခီးဘူစစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ နဲ့ ၂၀၂၃ နှစ်နှစ်တာအတွင်း ကရင်နီဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၉ ဦးအထိ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
– Karenni’s Voice(People’s Radio Myanmar)
Photo – Karenni’s Voice
၂၂ ရက် မနက် ၄ နာရီက စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဒိုရော့ရဲ့ အပျက်အစီးများ