ဇွန်လ ၂၄ ရက်၊ ၂၀၂၃ ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာမှာ နယ်မြေရဲစခန်းက ကားတစ်စီး ပစ်ခတ်ခံရလို့ ဂတ်စာရင်းတပ်ကြပ်အပါဝင် နှစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဘက်က ပြန်လည် ပစ်ခတ်ခဲ့လို့ ရွာသားတစ်ဦး ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဇွန်လ ၂၃ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်လောက်မှာ မောင်းကန်ရွာထဲက ဆံပင်ညှပ်ပြီး အိမ်စီးကားနဲ့ပြန်လာချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ အခုလိုပစ်ခတ်ခဲ့ရတဲ့အတွက် ကားပေါ်မှာပါလာခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးအနက် နယ်မြေရဲစခန်းက ဂတ်စာရင်းတပ်ကြပ် ရဲညွှန့်ဆိုသူက နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်တစ်ဦးမှာတော့ ထားဝယ်ဆေးရုံရောက်တဲ့အချိန်မှ ထပ်မံသေဆုံးသွားခဲ့တယ်လို့ အဲဒီဒေသခံကပြောပါတယ်။
“သူတို့က ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်နေကြတာ တွေ့လိုက်တယ်။ ရဲစခန်းကို ပြန်ချိန် ဘုရားကုန်းအနားမှာ ပစ်ခံရတာ။ ရဲညွန့်ကတော့ ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်ယောက်ကတော့ ဆေးရုံရောက်မှသေတာ။ ဒုမှူးလို့ပြောတာကြားရတယ်” လို့ သူကပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုအတွင်း နှစ်ဦးမှာတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားတဲ့ သူနှစ်ဦးထဲက တစ်ဦးမှာတော့ ဒုရဲမှူးလို့ပြောနေကြပေမဲ့ ဖားစည်သံသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာ တော့ မရှိသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပွားပြီး နေ့လည် ၃ နာရီလောက်မှာတော့ စစ်ကောင်စီတပ်သားတွေက မောင်းမကန်ရွာဘက်ကို အင်အားအလုံးအရင်းနဲ့ ဆင်းလာခဲ့ပြီး လမ်းတွေပိတ်ဆို့ကာ တားမြစ်စစ်ဆေးတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့ဆင်းလာတယ်ဆိုတာကိုတော့ နေ့လည်ကတည်းက ကြားနေရတာ။ ထားဝယ်ဘက်ကနေ ဆင်းလာချိန် ၁၀၄ ထဲကိုလည်း ဝင်သေးတယ်တဲ့။ ဖုန်းစစ်တယ်။ ဆိုင်ကယ်၊ ကားတွေမှာရှာတယ်” လို့ သူကဆက်ပြောပါတယ်။
တနေ့တည်းမှာဘဲ ဇွန်လ ၂၃ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်လောက်မှာလည်း မောင်းမကန် အမှတ် ၆ ရပ်ကွက်မှာ အသက် ၃၀ ကျော်ဝန်းကျင်ရှိ ရွာခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ကင်းလှည့်လာချိန် ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက်ထိမှန်ကာ သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သူတို့ကိုမြင်လို့ ဝင်ပြေးတဲ့အချိန်မှာ ပစ်လိုက်တာ။ ထိတာနဲ့ထိချင်း မသေဘူး။ သွေးလွန်ပြီး သေသွားတာ။ သူကဗိုက်မှာထိပြီး ကျည်ကဟိုဘက်ထိ ပေါက်သွားတယ်။ စစ်သားတွေက ပစ်ပြီးတော့မှ အဲ့တာကရိုးရိုးရွာသားဘဲဆိုပြောပြီး ထွက်သွားတယ်”လို့ ဒေသခံကဆက်ပြောပါတယ်။
မောင်းမကန်ကျေးရွာမှာ တညလုံးရမ်းသမ်းပစ်ခတ်သံတွေကြားရပါတယ်။ အခုလက်ရှိအချိန်မှာတော့ ရွာထဲမှာ အခြေအနေတည်ငြိမ်နေပြီး မောင်းမကန်ရဲစခန်းမှာလည်း စစ်ကောင်စီတပ်သားတွေ မရှိတော့ဘဲ ကားတွေသာကျန်နေခဲ့တယ်လို့ နယ်မြေခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
၂၀၂၂ ခုနစ်၊ ဒီဇင်ဘာလတုန်းကလည်း မောင်းမကန်နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပါသေးတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)