ကမာဝက်မြို့ပေါ် အ.ထ.ကကျောင်းအနီး ပေါက်ကွဲမှုဖြစ်လို့ ပြည်သူ့စစ်တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
မော်လမြိုင်၊ ဇွန်၊ ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်မြို့ အခြေခံပညာအထက်တန်းကျောင်းအနီးမှာ မိုင်းပေါက်ကွဲမှု ဖြစ်သွားခဲ့တာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ ဖြစ်တာက မနေ့ကပါ၊ ကျောင်းရဲ့ မျက်စောင်းထိုးလောက်မှာ ကင်းတဲတစ်ခုရှိတယ်၊ အဲဒီမှာ ပေါက်တာပါ၊ ပြည်သူ့စစ်တစ်ဦး သေတယ်၊ တစ်ဦးကတော့ ဒဏ်ရာရလို့ ကားနဲ့သယ်သွားကြတာပဲ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇွန်လ ၂၂ ရက် ညနေ ၃ နာရီခန့်မှာ ကမာဝက်မြို့ အခြေခံပညာအထက်တန်းကျောင်းအနီးမှာ ပြည်သူ့စစ်တွေ လုံခြုံရေး ယူနေတဲ့ ကင်းတဲမှာ အမည်မသိအဖွဲ့တစ်ခုမှ ထောင်ထားတဲ့ လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမျိုးလွင်ဟာ အခင်းဖြစ်ရပ်နေရာမှာပဲ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေနဲ့ ပွဲချင်း သေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင် ဦးတင်လှိုင်မှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ ကလေးကျောင်းမလွတ်ခင်မှာ ဖြစ်သွားတာလို့ ပြောလို့ရတယ်၊ ဘယ်သူထောင်ထားလဲတော့ မသိဘူးပေါ့နော်။” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်ချို့ ရောက်ရှိလာပြီး လမ်းပိတ်ဆို့စစ်ဆေး တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီမိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
သတင်း – ကိုရင်မောင်
ဓါတ်ပုံ – Crd