ဇွန်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပေါင်းဦးချောင်လမ်းဖျက်ဆီးခံခဲ့ရတာကြောင့် ဒေသခံပြည်သူတွေ သွားလာရာမှာအခက်အခဲကြုံနေရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ဒေသခံတွေထံမှ သိရပါတယ်။
ဇွန်လ ၁၆ ရက်နေ့ မနက် ၉ နာရီ အချိန်မှာ စစ်ကောင်စီတပ်လက်အောက်ခံ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဘက်ဟိုးကားတစ်စီးနဲ့ ပေါင်းဦးချောင်လမ်းကို လာရောက်ဖျက်ဆီးခဲ့တာဖြစ်ပြီး အခုလိုလမ်းကိုဖျက်ဆီးတာဟာ စစ်ကောင်စီတပ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထပ်မံဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပေါင်းဦးချောင်လမ်းကို ကြာအင်းဆိပ်ကြီးမြို့ဒေသခံအပါအဝင် အနီးအနားကျေးရွာတွေဖြစ်တဲ့ ပေါင်းဦးချောင်ရွာ၊ ကြက်တူရွေးသောင်ရွာနဲ့ ဆယ်အိမ်စုရွာ ကျေးရွာ ၃ ရွာက အဓိကသွားလာ အသုံးပြုနေတာဖြစ်ပြီး အခုလိုဖျက်ဆီးခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ဂိတ်အထိုင်ချထားတဲ့ သပြေချဥ်လမ်းကိုသာ အသုံးပြုသွားလာနေရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ပေါင်းဦးချောင်လမ်းမှာတံတားရှိတယ် အဲ့ဒီတံတားမရောက်ခင် သူတို့က ဘက်ဟိုးနဲ့ထိုးလိုက်တာ မြောင်းဖြစ်အောင်ကော်လိုက်တာ ဆိုင်ကယ်တွေ ကားတွေသွားလို့မရဘူး ရေတွေကြီးရင်လည်း အဲ့ဒီလမ်းကပဲလာကြရတယ် ရွာတွေအတွက်အဲ့ဒီလမ်းကမိန်းလမ်းလိုဖြစ်နေတယ် အဲ့ဒီလမ်းကို ဖျက်လိုက်တော့ ပတ်ပြီးတော့ အဝေးကြီးသွားရတယ်၊ ပတ်သွားတော့လည်း သူတို့စစ်ကောင်စီက စစ်တယ်လေ အဲ့ဘက်တစ်ခုပဲသူတို့ပေးဖြတ်တော့တယ်” လို့သူကပြောပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့တွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ အရင်ကထပ်ပိုပြီး စစ်ဆေးတာတွေ ပိုမိုပြုလာတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“စစ်တာတော့လုံးဝလွတ်မခံဘူး သူတို့တွေ၊ ဖုန်းတွေ အိတ်တွေ ဖွင့်စစ်တယ် မှတ်ပုံတင်တွေ ဆိုင်ကယ်နဲ့ ဆိုင်ကယ်ဘောက်တွေဖွင့်စစ်တယ် သူတို့မသင်္ကါရင်စစ်တယ် လိုင်းကားတွေကိုစစ်တယ် ငွေတောင်းတယ်” လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ အခုလိုလမ်းပိုင်းတွေကိုဖျက်ဆီးတာဟာ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေ သွားရေးလာရေးအခက်အခဲဖြစ်အောင်၊ ထိုးစစ်ဆင်တဲ့အခါမှာ အခက်ဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်ပြီး ဒေသခံပြည်သူတွေအခက်ခဲဒုက္ခရောက်အောင် လုပ်တာဖြစ်တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF မှ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)