ဇွန်လ ၂၀ ရက် ၊ ၂၀၂၃ ခုနှစ်
မော်လမြိုင် − ရေး− ထားဝယ် အမှတ် (၈) လမ်းမကြီးကို KNLA ၊ PDF ပူးပေါင်းတပ်တွေလမ်းလုံခြုံရေးယူထားတဲ့ လမ်းမတန်းဘက်ကို (၅) ရက်မြောက်နေ့မှာ စစ်ကောင်စီတပ်က ဇွန်လ (၂၀) ရက်နေ့ ဒီကနေ့ မနက်ပိုင်းကနေ လက်ရှိအချိန်ထိ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် နေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေထံမှ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ လမ်းလုံခြုံရေးယူမယ့်နေရာနဲ့ အနီးအနားကျေးရွာတွေဘက်ကို ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းဖြစ်တဲ့ ခလရ −၁၀၆ မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ် လို့ အမှတ် (၈) လမ်းပိုင်းလုံခြုံရေးနဲ့ပက်သက်ပြီး စစ်ဆေးနေသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။
“ကျွန်တော်တို့ဘက်က အဖွဲ့ (၃) ဖွဲ့ခွဲပြီး စစ်ဆေးနေပါတယ်။ လက်ရှိ လမ်းကြောင်းကတော့ အစစ်ဆေး နည်းနည်းကြမ်းနေတယ်ဗျ ။ စကစ ဘက်ကလည်း ဒီနေ့ မနက်ပဲ ကျနော်တို့ နေရာယူထားတဲ့ လမ်းမတန်းဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းထုနေတယ်။ အခုထိလည်း ပစ်နေတုန်းပဲ ။ ကျွန်တော့် အထင်တော့ ၁၀၆ တပ်ရင်းဘက်က ပစ်နေတာလို့ယူဆရတယ် ။ ကျွန်တော်တို့ ဘက်ကတော့ အခုချိန်ထိ ထိခိုက်မှုမရှိသေးဘူး” လို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က လမ်းလုံခြုံရေးယူထားတဲ့အချိန်မှာ အိမ်စီးကားနဲ့ ပုံဖျက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးကို ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကာ စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီး ဘယ်လိုအရေးယူဆောင် ရွက်သွားမလဲဆိုတဲ့အခြေအနေနဲ့ပက်သက်ပြီး တိတိကျကျ မသိရှိရ သေးဘူးလို့ တပ်ရင်း (၂၇) နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ဖမ်းမိတဲ့ စကစ (၄) ယောက်ထဲမှာ တပ်ရင်း (၁၀၆) က တယောက်ပါတယ် ။ နောက်ပြီးတော့ ရေတပ်က တယောက် ၊ လေတပ်ကယောက်လို့တော့ကြားတယ် ။ ကျန်တဲ့တယောက်က ဘယ်ကလဲဆိုတာမျိုးကို တိတိ ကျကျ မသိရသေးဘူးလို့” ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၁၅) ရက်နေ့မှစတင်ကာ မော်လမြိုင် ၊ မုဒုံ ၊ သံဖြူဇရပ် ၊ ရေး ၊ ထားဝယ် ၊ မြိတ် အမှတ် (၈) လမ်းမကြီးကို အသုံးပြုသွားလာနေတဲ့ မော်တော်ယာဥ်တွေအနေနဲ့ ချမှတ်ထားတဲ့စည်းကမ်းတွေအတိုင်း လိုက်နာ ရမယ်လို့ KNLA အမှတ် (၂၇) တပ်ရင်းက ဇွန်လ (၁၀) ရက်နေ့မှာ ထုတ်ပြန်ကြေငြာထားပါတယ်။
သတင်း – နော်ဝါးဝါးဖော
ဓာတ်ပုံ- သတင်းနဲ့ပြန်ကြားရေးဌာန (စစ်ဒေသခွဲအမှတ် ၃ )
Phar Si Than (People’s Radio Myanmar)