ဇွန်လ ၁၉ ရက်၊ ၂၀၂၃ ခုနစ်
ထားဝယ်ခရိုင်၊ ထားဝယ်-ထီးခီး ထိုင်း-မြန်မာနယ်စပ်လမ်းမကြီးရှိ သင်္ကန်းတုံးကျေးရွာမှာ နယ်စပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းကို ရိက္ခာပို့ရန်လာတဲ့ ယာဉ်တန်း ၁၅ စီးကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ထားဝယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။
စစ်ကောင်စီတပ် ထားဝယ်အခြေစိုက် တပ်ရင်း ၁၀၄ နဲ့ ပလောအခြေစိုက် ခလရ ၂၈၀ ပူးပေါင်းတပ် တွေက အင်အား ၁၅၀ ခန့်နဲ့ ဇွန်လ ၁၆ ရက်နေ့၊ နေ့လည် ၃ နာရီ ဝန်းကျင်လောက်မှာ ရိက္ခာလာပို့စဉ် ဗိုလ်ယက္ခဦးဆောင်တဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းနဲ့ ဥဩစစ်ကြောင်းတို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ က္လားသစ္ဏတ်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။
“ရိက္ခာပို့ဖို့လာတဲ့ စစ်ကြောင်းဗျ။ နယ်ခံတပ်ရင်း ၄၀၁ နဲ့ ခလရ ၂၈၀ ပုလောအခြေစိုက်တပ်တွေ ပါတယ်ဗျ။ ကျနော်တို့ဖက်ကလဲ လက်လုပ် ၄၀ မမတွေ၊ လက်လုပ် ၆၀ မမနဲ့ ပြန်ထုတာမျိုး ရှိတယ်ဗျ၊ ဒါပေမဲ့ လက်လုပ်ဖြစ်နေတော့ အသီးကန်းတာတွေ ယမ်းအတာမျိုးတွေရှိခဲ့တဲ့အတွက် ကျနော်တို့ရဲ့ လက်နက်ကြီးက ၃ ပုံ ၂ ပုံလောက်ဘဲပစ်လို့ရခဲ့တယ်ပေါ့ဗျာ”လို့ သူက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အီနာဂါ၊ RPG၊ ၄၀ မမ၊ ၆၀ မမ၊ ၈၁ မမ တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ က္လားသစ္ဏတ်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။
“ပစ်ခတ်မှုက ၃ နာရီကနေ ၄ နာရီခွဲလောက်အထိဖြစ်တာ။ လက်တစ်ကမ်း ထိတွေ့ပစ်ခတ်မှု တွေချည်းဘဲ။ ဖြစ်ပွားတဲ့အချိန် ရန်သူ့ဘက်က အီနာဂါ၊ RPG၊ ၄၀ မမ၊ ၆၀ မမ၊ ၈၁ မမ တွေနဲ့ပါသုံးပြီး ပစ်တယ်” လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီအပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ဆယ်ဂဏန်းဝန်းကျင် ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
က္လားသစ္ဏတ်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့က ၄၀ မမတွေနဲ့ နီးကပ်ပစ်ခတ်မှု ဖြစ်တဲ့အတွက် ဆယ်ဂဏန်းကျော် ပါတယ်ဗျ။ ဘာလို့ဆို စစ်ကြောင်းရဲ့ ရှေ့ပွိုင့်နဲ့ ထိတွေ့မှုဖြစ်တာ ဆိုတော့။ ကျနော်တို့ဘက် ထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းစဝင်တဲ့အချိန်မှာတော့ စစ်ကောင်စီအထိုင်တပ်တွေက အနီးနားရှိရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခဲ့ပါသေးတယ်။
စစ်ကြောင်းဝင်တဲ့ ကျေးရွာထဲက နေအိမ်တွေကနေ စစ်ကောင်စီတပ်သားတွေက မွှေနောက်ပြီး တန်ဖိုးရှိပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီတခါဝင်တာတော့ အိမ်မီးရှို့တာမရှိဘူး။ အိမ်နံရံတွေကိုထုဖြိုခဲ့တယ်။ ဗျူဟာမှူးပါလို့နဲ့တူတယ်။ ထမင်းပေါင်းအိုးလည်းယူသွားတယ်။ ပြီးတော့ သုံးမိနစ်ရေနွေးအိုး၊ စက်ဘီးတွေလည်းယူသွားတယ်” လိူ့သူကပြောပါတယ်။
ဇွန်လ ၁၆ ရက်နေ့ တနေ့တည်းမှာဘဲ ထားဝယ်စုပေါင်းစစ်ကြောင်းက ပကာရီကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာအနီးရှိ ၈ မိုင်မှာ တပ်စွဲထားတဲ့ အင်အား ၃၀ လောက်ရှိ စခန်းငယ်တစ်ခုကို ဗိုလ်စူပါ ဦးဆောင်တဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းက ၄၀ မမ၊ ၆၀ မမတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုစာရင်းကို စုံးစမ်းနေဆဲဖြစ်တယ်လို့ ထားဝယ်စုပေါင်းစစ်ကြာင်း ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အခုလက်ရှိမှာအချိန်မှာတော့ နှစ်ဖက်စစ်ရေးအခြေအနေ ငြိမ်သက်နေပြီး စစ်ကောင်စီတပ်သား တွေကတော့ သင်္ကန်းတုံးရွာဘက်ကနေ ကျောက်မဲတောင်ရွာဘက်ကို အဓိကဦးတည်ပြီး ထွက်ခွာသွား တယ်လို့ နယ်မြေခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)