ဇွန် ၁၇ ရက်၊ ၂၀၂၃။
ဇွန် ၁၅ ရက် မနက် ၁:၅၀ အချိန်မှာ စစ်ကောင်စီက မိုးဗြဲမြို့ပြင်အနီး ကျေးရွာအချို့ကို လေကြောင်းမှ ပစ်ခတ်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် စစ်ရှောင် ၂ ဦး ထိခိုက်ဒဏ်ရာရကာ ယင်းကျေးရွာများအတွင်း စစ်ဘေးရှောင်နေသူများ ထပ်မံရွေ့ပြောင်းခဲ့ရပါတယ်။
ဇွန် ၁၆ ရက် မနက်မှာလည်း မိုးဗြဲမြို့ ပွဲကုန်း ၃ ရပ်ကွက်အတွင်း စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်တာကြောင့် မိုးဗြဲမြို့တွင်းက အဆောက်အဦအမြောက်အမြား ပျက်စီးခဲ့ရပါတယ်။
ဇွန် ၁၅ ရက် မနက် ၁:၅၀ အချိန် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅၀ ခန့်အရွယ် အမျိုးသားတဦးနဲ့ အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ယင်းကျေးရွာအတွင်း စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင်ဦးရေ ၁၀၀ ခန့်လည်း ထပ်မံရွေ့ပြောင်းခဲ့ရပါတယ်။
“ကျတော်တို့ အုပ်စုတွေက လွယ်ယင်းမင်္ဂလာဘက်မှာ တိုက်ပွဲဖြစ်တော့ ဒီကိုရှောင်လာတာ ၂ နှစ်လောက်ရှိပြီ။ အရင်ကလည်း ဒီဘက်ကို လေယာဉ်လာပစ်ဖူးပါတယ်။ ဒါပေမဲ့ ဒီမှာ ကျတော်တို့ တောင်ယာတွေ စိုက်ထားတော့ မပြောင်းဘဲ ဆက်နေဖြစ်နေတာ။ ခုတော့ လူတွေလည်း ထိကုန်တော့ ထပ်ရွေ့ရတာပေါ့။” လို့ အသက် ၄၀ ခန့်အရွယ် စစ်ရှောင်အမျိုးသားတဦးက Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
အဲဒီနေ့ မနက် ၁:၅၀ အချိန်မှာ စစ်ကောင်စီက လေကြောင်းက ဗုံး ၆ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ ဗုံး ၁ လုံး မကွဲဘဲ ကျန်ရှိနေခဲ့ပါတယ်။
နောက်တရက် ဇွန် ၁၆ ရက် မနက်မှာလည်း စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ မနက် ၄:၀၀ အချိန်ခန့်မှ ၁၀:၃၀ အချိန်ခန့်အထိ မိုးဗြဲမြို့ ပွဲကုန်း ၃ ရပ်ကွက်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီက မိုးဗြဲ အခြေစိုက် ၄၂၂ ၊ ဖယ်ခုံအခြေစိုက် မခရ ၃၃၆ နဲ့ ဒကစ လွိုင်ကော်တပ်များက လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
“မနက်က တိုက်ပွဲမှာ လက်နက်ကြီးက အနည်းဆုံး အလုံး ၁၀၀ ကျော်တယ်။ လွိုင်ကော်၊ မိုးဗြဲရော ဖယ်ခုံအမြောက်တပ်ကပါ ပစ်တာ၊ မိုးရွာသလိုပဲ။” လို့ တိုက်ပွဲဝင် ရဲဘော်တဦးက Karenni’s Voice ကိုပြောပြပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံးကာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MBPDF ရွှေလင်းယုန်တပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။ လက်နက်ကြီးများကြောင့် နေအိမ် အမြောက်အမြား ပျက်စီးသွားခဲ့ပြီး ပြည်သူများအနေနဲ့ မြို့တွင်း ဖြတ်သန်းသွားလာမှု မပြုကြဖို့ MBPDF က တိိုက်တွန်းထားပါတယ်။
“တိုက်ပွဲက မပြီးသေးတော့ ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက် အတိအကျကိုတော့ မသိရသေးဘူးဗျ။ အရပ်သားတွေကတော့ ပြောင်းကုန်ကြပြီးမို့ ထိခိုက်တာ မရှိပါဘူး။” လို့ ရွှေလင်းယုန် တပ်ခွဲက တာဝန်ရှိသူတဦးက Karenni’s Voice ကို ပြောပြပါတယ်။
မေ ၂၇ ရက်က စတင်ပြီး စစ်ကောင်စီရဲ့ တပ်မ ၆၆၊ တပ်မ ၃၃ လက်အောက်ခံတပ်များနဲ့ Kayan National Guard-KNG ပြည်သူ့စစ်များ အင်အား ၃၀၀ နီးပါးနဲ့ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတယ်။ အဲဒီနောက် စစ်ကောင်စီဟာ မိုးဗြဲမြို့လင်္ကာရဘုန်းကြီးကျောင်း၊ လယ်တီကျောင်းနဲ့ ဘေးမဲ့ကျောင်းတို့မှာ တပ်စွဲခဲ့ပါတယ်။ ဘုန်းကြီးကျောင်းများအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ပစ်ခတ်မှုနဲ့ လက်နက်ကြီးများကြောင့် ယနေ့အထိ အရပ်သား ၂၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MBPDF ထံက သိရပါတယ်။
Karenni’s Voice (People’s Radio Myanmar)
Photo – Karenni’s Voice၊ MBPDF ရွှေလင်းယုန်တပ်ခွဲ