ဇွန်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ မေလ အတွင်း ဖမ်းဆီးခံရသူတွေကို အခုချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရရှိသေးဘူးလို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ခလရ ၉၇ ကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်မှာ ဖမ်းဆီးခံရသူတစ်ချို့သာ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့မရဲစခန်းမှာ ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိနေပြီး လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
“ဖမ်းခံရတာ ၁ လပြည့်ခါနီးနေပြီး၊ အခုချိန်ထိ မလွတ်သေးဘူး၊ ထပ်ဖမ်းတာတော့ မကြားမိဘူး၊ တစ်ယောက်မှ မိသားစုနဲ့မတွေ့ရဘူး၊ အခုလက်ရှိကတော့ အလုံးကြီးပစ်သံ တစ်ချက်တစ်ချက်ဘဲ ကြားသေးတယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်
ဒါ့အပြင် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေဟာ စစ်ကောင်စီတပ်ဘက်ကို ငွေသိန်း ၁၀၀ ကျော်ပေးပြီးမှ လွတ်မြောက်လာတာဖြစ်တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
“အသိအမတစ်ယောက် သူဖမ်းခံထိပြီးပြန်လွတ်လာတာမကြာသေးဘူး၊ စကစဘက်ကို သိန်း ၁၀၀ ကျော်လောက်ပေးလိုက်ရတယ်၊ ဘာလုပ်လဲဆိုတာတော့ သိပ်မပြောပြဘူး၊ အခုလည်းသူတို့စောင့်ကြည့် ခံနေရတယ်” လို့ အမည်မဖော်လိုသူ ကော့ကရိတ်မြို့ခံဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေးကြောင့် ထောင်ကျဖူးသူတွေကို ဆက်တိုက်စောင့်ကြည့်တာတွေ ခေါ်ယူစစ်ဆေးတာတွေကို ပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)