“အမုန်းစကားတွေနဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး ယန္တယားများနောက်ကွယ်က အမျိုးသမီးတွေရဲ့ဘဝ”
အာဏာသိမ်းဖြစ်စဥ်နောက်ပိုင်းမှာ အမျိုးသားတွေထက် အမျိုးသမီးတွေကို အဖက်ဖက်မှ အမုန်းစကားတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေပါတယ် ။ အမျိုးသမီးဖြစ်ခြင်းအပေါ်မူတည်ပြီး တိုက်ခိုက်နေတဲ့ အမုန်းစကားတွေအပြင် အခုနှစ် (၄) လတာကာလအတွင်း စစ်တပ်ရဲ့ဖမ်းဆီးရန်ခြိမ်းခြောက်ခြင်းကိုခံနေရတဲ့ အမျိုးသမီးအရေအတွက် ၃၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။
အမုန်းစကားတွေ ၊ စစ်တပ်ရဲ့ဝါဒဖြန့်ခြင်းတွေအပြင် Social Media တွေမှာပါ အခြေအနေအရပ်ရပ်မျိုးစုံနဲ့ အမျိုးသမီးတွေဟာ တိုက်ခိုက်ခြင်းခံနေကြရပါတယ်။ အခုလိုတိုက်ခိုက်ခံနေရတဲ့ အမျိုးသမီးတွေထဲမှာမှ လက်နက် ကိုင်လမ်းစဥ်ကို ရွေးချယ်ထားတဲ့ သူမလည်း တယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။
အမုန်းစကားတွေအပြင် စစ်တပ်ရဲ့ဝါဒဖြန့်ခြင်းကို ကြုံတွေ့ခဲ့ရတဲ့ လက်နက်ကိုင်အမျိုးသမီးတဦး
သူမဟာ တောတွင်းတစ်နေရာမှာ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်သလို စစ်ကောင်စီတပ်နဲ့ စစ်တပ်ထောက်ခံ သူလော်ဘီတစ်ချို့ရဲ့ အမုန်းစကားတွေ ၊ ဝါဒဖြန့်တာတွေကို အမြဲကြုံနေရသူ တစ်ဦးလည်းဖြစ်ပါတယ်။ ကရင်ပြည်နယ် ၊ လေးကေ့ကော်ဒေသ တိုက်ပွဲမဖြစ်ပွားခင်ကတည်းက ဒလန်လိုက်ဖမ်း တာမျိုးမှာ ကူညီဖော်ထုတ်ပေးတဲ့အတွက် စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီး ခြိမ်းခြောက်တာတွေကို ခံခဲ့ရဖူးတယ် လို့ သူမကပြောဆိုပါတယ်။ “ကျမကိုဆိုရင် စစ်တပ်က ဆုကြေးထုတ်ထားတယ် ဘတ် ၁ သန်းပေါ့နော် ။ သူတို့ဘက်ကအရှင်ဖမ်းခိုင်းတာ ။ ပုံစံမျိုးစုံနဲ့ ဖမ်းဖို့ကြိုးစားပေမယ့်လည်း ကံကောင်းစွာနဲ့ လွတ်မြောက်နေတုန်း ပါပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် သူမရဲ့ Facebook Messenger အထိပါ စစ်ကောင်စီတပ်သားတွေနဲ့ စစ်တပ်ထောက်ခံသူ တွေက ရိုင်းစိုင်းစွာ လာရောက်ပြောဆိုတာတွေကို ကြုံတွေ့ခံစားခဲ့ရဖူးတယ်လို့ သူမက ပြောပါတယ်။ “ကျမတို့ဘက်က တော်လှန်ရေးရဲဘော်တွေ ထိခိုက်ကျဆုံးတဲ့ဓာတ်ပုံတွေနဲ့ လာပြပြီးတော့ နောက်တခါဆို နင့်အလှည့် ရောက်လာ မယ် ဆိုပြီးစစ်တပ် ရုရှားပြန်အရာရှိတစ်ဦးရဲ့ ခြိမ်းခြောက် ပြောဆိုတာကိုလည်း” သူမ အနေနဲ့ ကြုံတွေ့ ခဲ့ရဖူးပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန် ချန်နယ်တွေ Page တွေမှာဆိုရင်လည်း သူမရဲ့ဓာတ်ပုံနှင့်တကွ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ မယားငယ်ဆိုပြီး မဟုတ်မမှန်သတင်းလွှင့်ကာ အမျိုးသမီးတယောက်ရဲ့ အရှက်တရားနဲ့ ဂုဏ်သိက္ခာ ကိုထိခိုက်စော်ကားတာတွေကို သူမခံခဲ့ရပါတယ်။ “ သူတို့က အပြင်မှာထိထိရောက်ရောက်မလုပ်နိုင်တဲ့အခါ Social Media တွေဖြစ်တဲ့ Faecbook ၊ Messenger ၊ Telegram Channel တွေကနေတဆင့် အရှက်ခွဲတာပါ။ အရင်တုန်း ကဆိုရင် ဟန်ငြိမ်းဦးအမည်ခံ စစ်တပ်ထောက်ခံတဲ့အဖွဲ့က ကျမရဲ့ဓာတ်ပုံနှင့်တကွ ဗိုလ်ချုပ် (−−−−) ရဲ့ မယားငယ် ပါဆိုပြီး” အရှက်ခွဲတာကို ခံခဲ့ရတယ်လို့ သူမက ပြောပါတယ်။
သူမအနေနဲ့ စစ်ကောင်စီတပ်က အမုန်းစကားနဲ့ဝါဒဖြန့် တိုက်ခိုက်တာတွေကို ခံနေရတာတင်မကပဲ သူမအလုပ် လုပ်ကိုင်ရာနယ်မြေတွေ ၊ အဖွဲ့အစည်းတွေမှာပါ အမျိုးသားတွေနဲ့ ယှဥ်တွဲအလုပ်လုပ်ကိုင်ရာမှာလည်း ပုဂ္ဂိုလ်ရေး အရ အမျိုးသမီးချင်း အမုန်းစကားတွေနဲ့ တိုက်ခိုက်တာတွေကို အမြဲခံနေရတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက လက်နက်ကိုင်လမ်းစဥ်ရွေးချယ်ထားတဲ့ အမျိုးသမီးတွေကိုသာမက တော်လှန်ရေးမှာ ပါဝင် ပက်သက်တယ်လို့ ယူဆရတဲ့ အမျိုးသမီးတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခြင်းမျိုးတွေ လုပ်ဆောင်လာတာကို စစ်တပ်ထောက်ခံတဲ့ Channel တွေမှာ အများဆုံးတွေ့ရှိရပါတယ်။
အကြမ်းဖက်ဖမ်းဆီးရန် ပစ်မှတ်ထားခြင်းခံရတဲ့ အမျိုးသမီးတစ်ဦး
အာဏာသိမ်းဖြစ်စဥ်နောက်ပိုင်း စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူအသိုင်းအဝိုင်း မှ အကြမ်းဖက်မှု့ကို လုပ်ဆောင် ရန် တိုက်တွန်းအားပေး လှုံ့ဆော်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့သူတွေအထဲမှာ သူမလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ သူမကို စစ်တပ်ထောက်ခံသူ ဟန်ငြိမ်းဦးအမည်ခံ ချန်နယ်ကနေတဆင့် ဓာတ်ပုံနှင့်တကွ ဖမ်းဆီးရန် တိုက်တွန်းမှုကြောင့် စစ်ကောင်စီတပ်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲ့ ခြိမ်းခြောက်ပြောဆိုခြင်းကို ခံခဲ့ရတယ်လို့ ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖမ်းဆီးရန် စာရင်းထဲမှာ အမည်ပါတယ်ဟုဆိုကာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ “ ကျမ ကိုဆိုရင် ကုလားပေါ့ ။ နောက်တခုက ထောက်ပို့လုပ်တယ်ဆိုပြီး ဝါဒဖြန့်မှုကြောင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်” လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ သတင်းဖြန့်မှုကြောင့် အဖမ်းမခံရအောင် အရာအားလုံးကို ထားခဲ့ပြီး ထွက်ပြေးခဲ့ရပါတယ်။ သူမအနေနဲ့ အိမ်ကိုလည်းပြန်လို့မရပဲ အမြဲထိတ်လန့်မှု့တွေနဲ့ နေနေရတာလည်း ဖြစ်ပါ တယ်။
လက်ရှိမှာ လွတ်မြောက်နယ်မြေကိုထွက်ပြေးတိမ်းရှောင်ရင်း အိမ်ရဲ့အဝေးတစ်နေရာကနေ မိမိအသက်မွေးဝမ်း ကျောင်းပညာရပ်ကိုလည်း လုပ်လို့မရဘူးလို့ သူမကပြောပါတယ်။ “အခုက ကျမက အိမ်ရဲ့အဝေးမှာပေါ့ ကိုယ့် Profession ကိုလဲဆက်လုပ်လို့မရ Identity loss crisis ဖြစ်နေတယ် ။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ Role မပျောက်အောင် လုပ်နိုင်တာလေးတွေလုပ်နေပါတယ်လို့” သူမကပြောပါတယ်။
“ကျမတို့ဟာ မတရားမှုကိုတော်လှန်ရင်း စစ်တပ်ရဲ့ ယုတ်မာမှုကို ခံခဲ့ရတဲ့သားကောင်သာဖြစ်တယ် ။ ကိုယ်တိုင်က ခံရသူဖြစ်တဲ့အတွက် ဘာမှသိမ်ငယ်စရာမလိုဘူး ။ ကိုယ်တော်လှန်ခဲ့လို့ ဘဝပျက်ခဲ့ရတာ မဟုတ်ဘူး ။ စကစ ယုတ်မာလို့ ဘဝပျက်ခဲ့ရတာလို့” သူမက ထောက်ပြပြောဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ပျက်စေချင်တဲ့ဘဝကို မပျက်ဘဲအကောင်းဆုံး ရှင်သန်နေထိုင်နိုင်အောင် ကြိုးစားခြင်းဟာ စစ်ကောင်စီကို အနိုင်ယူခြင်းဖြစ်တယ်လို့ သူမကပြောပါတယ်။ ဒီဖြစ်ရပ်တွေအပေါ် သူမအနေနဲ့ စိတ်ဓာတ်ကျခြင်း မရှိဘူးလို့ဆိုပါတယ်။ “ကျမတို့ဟာ စိတ်ဓာတ်ကျပြီး အရက်သောက် ၊ ဆေးစွဲ ဘာမှမလုပ်ဘဲ နေမယ်ဆို စကစ ဂွင်ထဲကို ဝင်သွားပါလိမ့်မယ် ။ ဒါတွေကိုအဖြစ်မခံဘဲ အကောင်းဆုံးရှင်သန်ရင်းအဆုံးထိ အာဏာရှင်ကို တော်လှန် သွားကြစို့” ဟု သူမက မှတ်ချက်ပြုပြောဆိုပါတယ်။
အခုလိုမျိုး စစ်တပ်ရဲ့ အမုန်းစကားတွေနဲ့ ဝါဒဖြန့်ချိရေးလုပ်ငန်းစဥ်တွေကို သီးသန့်စောင့်ကြည့်လေ့လာ သုသေသန ပြုတဲ့ အဖွဲ့အစည်းတွေလည်းများစွာရှိနေပါတယ်။
အမုန်းစကားတွေကို စောင့်ကြည့်လေ့လာတဲ့အဖွဲ့အစည်းတွေရဲ့လေ့လာတွေ့ရှိချက်
စစ်ကောင်စီတပ်ရဲ့ အမုန်းစကားပြောဆိုခြင်းပစ်မှတ်တွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်နေသလို ၂၀၂၃ ခုနှစ် ၄ လတာ ကာလအတွင်းမှာ စစ်ကောင်စီတပ် နဲ့ စစ်တပ်ထောက်ခံသူတွေမှ ဖမ်းဆီးရန်ခြိမ်းခြောက်ခံရသူ အမျိုးသမီး (၃၅၄) ဦး ၊ ဖမ်းဆီးခံရသူ (၁၂၀)ဦး အထိ ရှိနေပြီဖြစ်တယ်လို့ သုသေသနအဖွဲ့အစည်းတခုဖြစ်တဲ့ Burma Monitor ရဲ့ ပြုစုထားတဲ့စာရင်းအရသိရပါတယ်။
စစ်ကောင်စီတပ်မှ ဝါဒဖြန့်ချိရေးကိစ္စရပ်များတွင် လူထုကိုပြစ်မှတ်ထားကာ အကြောက်တရားနဲ့ထိန်းချုပ်ခြင်း ၊ လူထုအချင်းချင်းသွေးကွဲအောင်ဆောင်ရွက်ခြင်း အပြင် လူထုစိတ်အာရုံကို ပုံမှန်အခြေအနေ ရောက်ရှိအောင် ဝါဒဖြန့်တာတွေကို တွေ့ရှိပါတယ်။ အခုလို ဝါဒဖြန့်ချိရာတွင် စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေမှ သတင်းပေးခြင်း ၊ လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းတွေကို ဝေဖန်တိုက်ခိုက်ခြင်းတွေ အများဆုံးပြုလုပ်နေတာ ဖြစ်တယ်လို့ Generation Wave ရဲ့ ၂၀၂၃ ခုနှစ် ၊ ဧပြီလအတွင်း လေ့လာစောင့်ကြည့်မှုစာရင်းအရ သိရပါတယ်။
ဒါ့အပြင် နောက်ထပ်အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာအမျိုးသမီးသမဂ္ဂ (Burmese Women’s Union) အနေနဲ့ စစ်တပ်ရဲ့အမုန်းစကားတွေ ၊ ဝါဒဖြန့်ချိမှုတွေ သတင်းအမှားတွေကို သတင်းမီဒီယာတွေကတဆင့် စောင့်ကြည့်ပြီး သတင်းအမှား ဖြစ်ကြောင်း တန်ပြန်ဆောင်းပါးရေးသားခြင်း၊ သတင်းအမှန်တွေ ပြန်လည်တင်ပြခြင်း နဲ့ စုစည်း သုံးသပ်ခြင်းတွေ ဆောင်ရွက်နေတယ် လို့သိရပါတယ်။
အခုလိုဖြစ်ပေါ်နေတဲ့ အမျိုးသမီးကိစ္စရပ်တွေနဲ့ ပက်သက်ပြီး မြန်မာအမျိုးသမီးသမဂ္ဂ ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး မဇူးက “အဲ့ဒီလိုတွေခံစားနေရတဲ့ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည် ကုစားခြင်းအစီအစဥ် တွေကို အုပ်စုဖွဲ့ ဆွေးနွေးခြင်း ၊ လူပုဂ္ဂိုလ်တဦးချင်း စကားပြော တွေ့ဆုံတာ မျိုးတွေကို Online ၊ Offline အခြေအနေ နှစ်ရပ်လုံး ကနေ ဆောင်ရွက်ပေးနေတယ်လို့” ဆိုပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်းမှာ မည်သူ့ကိုမဆို အသရေဖျက်ခြင်း ၊ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ဖြစ်စေ အသရေဖျက်ခြင်း ၊ နှောင့်ယှက်ခြင်း နဲ့ ခြိမ်းခြောက်ခြင်းတွေကိုပြုလုပ်ပါက သတ်မှတ်ထားတဲ့ ပုဒ်မတွေအတိုင်း ပြစ်ဒဏ်ကျခံရမယ်လို့ ဥပဒေပြဌာန်းချက်တွေမှာ ဖော်ပြထားပါတယ်။
အစိုးရမှသတ်မှတ်ပြဌာန်းထားသောဥပဒေ
မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံတော်အစိုးရမှ အောက်ပါဥပဒေများကို သတ်မှတ်ပြဌာန်းထားတာကို တွေ့ရှိရပါတယ်။
အသရေဖျက်မှု (ပုဒ်မ ၅၀၀) − မည်သူမဆို ၊ အခြားသူတဦး၏ အသရေကိုဖျက်လျှင် ထိုသူကို နှစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) − ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊ အသရေဖျက်ခြင်း ၊ နှောင့်ယှက်ခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်း ပြုလုပ်ပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ (၁၀) သိန်း ကျပ်ထက်မပိုသောငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်းဥပဒေမှာပြဌာန်းထားပါတယ်။
သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက အမှုအခြေအနေပေါ်မူတည်ပြီး ပြစ်ဒဏ်ကျခံ ရတယ်လို့ သိရပါတယ်။ ကျူးလွန်သူမှာ နိုင်ငံတော် (သို့မဟုတ်) အရာရှိလူပုဂ္ဂိုလ်တဦးဦး အပေါ် အထက်ပါဥပဒေ အတိုင်းဖောက်ဖျက်ကျူးလွန်ပါ ထောင်ချတဲ့အထိအရေးယူပေမယ့် လူပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ အမှု တည်ဆောက်ရာမှာ အားနည်းချက်တွေရှိနေလို့ ထိထိရောက်ရောက်အရေးယူနိုင်ရန် အားနည်းနေကြောင်း လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ရှေ့နေအမျိုးသမီးတစ်ဦးမှ ထောက်ပြပြောဆိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပက်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး ၊ လူငယ် ၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာန အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးနေလဲဟု Facebook Page မှ (မေလ ၂၁ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ) လည်းကောင်း E Mail ဖြင့် (မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ) သော်လည်းကောင်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆို အကြောင်းပြန်ခြင်း မျိုးမရှိသေးပါ။
မြန်မာနိုင်ငံမှာ အမုန်းစကား တွေအမြစ်တွယ်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေး ယန္တရားအောက်မှာ စစ်တပ်ကအာဏာတည်မြဲစေရန် လူထုအပေါ် အမုန်းစကားတွေနဲ့ ဝါဒဖြန့်ချိရေး လုပ်ငန်းစဥ် တွေကို နှစ်ပေါင်းများစွာ စနစ်တကျနဲ့ ကျင့်သုံးခဲ့ပါတယ်။ အစိုးရကိုယ်တိုင်ကလည်း အမုန်းစကားတွေ ကိုဖြန့်သလို အစွန်းရောက် ဘာသာရေးခေါင်းဆောင်တွေကနေတဆင့်လည်း အမုန်းစကားတွေဟာ လူထုတွေဆီကို ပြန့်ပွား လာခဲ့ပါတယ်။
စစ်တပ်ရဲ့ဝါဒဖြန့်ချိမှု အပြင် အာဏာသိမ်းဖြစ်စဥ် နောက်ပိုင်းမှာ အမျိုးသမီးတွေအနေနဲ့ အဖက်ဖက်မှ အကြမ်းဖက် မှုမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပြီး အခက်အခဲတွေလည်းရှိနေပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ပဋိပက္ခတွေ ကြောင့် တိုက်ရိုက်အကြမ်းဖက်မှု သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းဖြင့်သော်လည်းကောင်း၊ စီးပွားရေး အရသော်လည်းကောင်း ၊ လုံခြုံမှုမရှိတဲ့ ဘဝအနေအထား တွေကို အမျိုးသမီးတွေ အနေနဲ့ရင်ဆိုင်နေရပါတယ်။