ဇွန်လ ၁၆ ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ညမထွက်ရအမိန့်(Martial Law) ထုတ်ပြန်ထားပြီးနောက်ပိုင်း ခိုးဆိုးလုနှိုက်တွေ ပိုပြီးများပြားလာတယ်လို့ ရေးမြို့ဒေသခံတွေက ပြောပါတယ်။
ရေးမြို့မှာ စစ်ကောင်စီတပ်က ည ၆နာရီကနေ မနက် ၆နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတာ ၁နှစ်ကျော်ကြာပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ ညတိုင်းနီးပါး ခိုးမှုတွေဖြစ်ပေါ်နေတယ်လို့ ရေးမြို့ဒေသခံတွေဆီက သိရပါတယ်။
အခုလို့ ညတိုင်းနီးပါး ခိုးမှုတွေဖြစ်ပေါ်နေတာကြောင့် ရေးမြို့ဒေသခံတွေမှာ ညဘက်ကောင်းကောင်းမအိပ်စက်နိုင်ဘဲ အိမ်စောင့်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ခိုးခံရတဲ့ သတင်းက နေ့တိုင်းကြားရတယ်၊ အခုရေးမြို့မှာ ညမထွက်ရ အမိန့်ထုတ်ထားတာ ၁နှစ်လောက်ရှိပြီး၊ အိမ်တွေကို ဝင်ခိုးခံရတာက ဒီမေလကုန်ခါနီးလောက်က စပြီးကြားရတာ၊ အခုရက်ပိုင်းဆိုရင် အိမ်တွေကို ဝင်ခိုးခံရတာတွေကပိုပြီးများလာတယ်၊ အဲ့လိုတွေဖြစ်နေတော့ ပိုပြီးသတိထားရတာပေါ့၊ အရင်ကလို ကောင်းကောင်းမအိပ်ရဲ့ဘူး၊ ကို့အိမ်က ပစ္စည်းတွေပါသွားမှာကြောက်လို့၊” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို ရေးမြို့ထဲမှာ ခိုးမှုတွေ နေ့တိုင်းနီးပါးဖြစ်ပေါ်နေပေမဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဘာမှဆောင်ရွက်ပေးတာတွေမရှိဘူးလို့ ရေးမြို့မှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
“နေ့ရောာညပါ အခိုးခံနေရတာ၊ ရဲစခန်းကလည်း ဘာမှဆောင်ရွက်မပေးဘူး၊ ရဲစခန်းမှာ တိုင်ချက်ဖွင့်ချင်ရင် သူခိုးကိုပါဖမ်းလာပြီး အမှုလာဖွင့်လို့ ရဲစခန်းကပြောတယ်၊” လို့ ရေးမြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
အခုလို ရေးမြို့ထဲမှာ ခိုးမှုတွေဖြစ်ပေါ်နေတဲ့အပေါ် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဘာမှမဖြေရှင်းပေးတာကြောင့် ရေးမြို့ဒေသခံတွေဆီကနေ ဝေဖန်သံတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန် ရေးမြို့ထဲမှာ ဇွန်လတစ်လအတွင်း ခိုးမှု ၁၀မှုကျော်ရှိနေပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်ကနေ ငွေကျပ် သိန်း ၆၀၀ ကျော် ခိုးခံရမှုဖြစ်ပွားခဲ့တယ်လို့ ရေးမြို့ဒေသခံတွေဆီက သိရပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)