ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မြန်မာလျှပ်စစ်မီးလိုင်းပြန်လည်ရရှိခဲ့ပေမဲ့ ကရင်ပြည်နယ်အတွင်းကမြို့နယ်တချို့မှာတော့ လျှပ်စစ်မီးလိုင်းတွေဆက်လက်ပြတ်တောက်နေဆဲဖြစ်တယ်လို့သိရပါတယ်။
ဇွန်လ ၁၅ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန်မှာမြဝတီမြို့အတွင်း မြန်မာလျှပ်စစ်မီးလိုင်း ပြန်လည်ရရှိခဲ့ ပေမဲ့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်အပါအဝင် အနီးအနားကျေးရွာတွေ ဘက်မှာတော့ မီးမရရှိသေးပဲ ဆက်လက်ပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျုံးဒိုးမြို့မှာလျှပ်စစ်မီးမှာ ၇ လနီးပါးအကြာ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် လျှပ်စစ်ဓာတ်ကြိုး တချို့ ပျက်စီးတာတွေရှိနေပေမဲ့ ဘယ်အဖွဲ့အစည်းကမှ လာရောက်ပြင်ဆင်တာမျိုးမရှိဘူးလို့ ကျုံဒိုးမြို့ဒေသခံတစ်ဦးကပြောပါတယ်။
“မီးသေတာနဲ့ဘဲတစ်နှစ်ပြည့်တော့မယ်၊ မီးကြိုးတွေလဲပျက်ကုန်ပြီးလေ၊ ဘယ်သူမှလည်းလာမပြင်ဘူး၊ ဒီတိုင်းပဲထားထားတယ်၊ မီးလာဖို့ကိုဘယ်သူမှမမျှော်လင့်တော့ဘူး၊ အကုန်လုံးက solar တွေမီးစက်တွေနဲ့ ကြီးပဲလို့” သူကပြောပါတယ်။
မြဝတီမြို့မှာ ဇွန်လ ၁၅ ရက်နေ့ ညသန်းခေါင်းအချိန်မှာ မြန်မာလျှပ်စစ်မီးလိုင်းပြန်လည်ရရှိပြီး အခု ၁၆ ရက်နေ့အထိ မီးအားအပြည့်သုံးစွဲနေရပေမဲ့ နောက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လျှပ်စစ်မီးပြန်မီးပြန်လည် ပြတ်တောက်မှာကိုစိုးရိမ်မှု တွေရှိနေတယ်လို့ သိရပါတယ်။
အခုလက်ရှိအချိန်မှာ မြဝတီမြို့အပါအဝင် အနီးအနားကျေးရွာတွေဖြစ်တဲ့ဖားချောင်း၊မဲကနယ်၊ ရွာသစ်၊ သင်္ကန်းညီနောင်ဘက်မှာ မြန်မာလျှပ်စစ်မီးလိုင်းပြန်လည်ရရှိနေပေမဲ့ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့၊ ကြာအင်းဆိပ်ကြီးမြို့နယ်အပါးအဝင် အနီးအနားကျေးရွာက ရွာပေါင်း ၄၀ ဝန်းကျင်လောက်ဟာ မြန်မာလျှပ်စစ်မီး အခုချိန်ထိပြန်လည်မရရှိသေးပဲ လျှပ်စစ်မီး ဆက်လက်ပြတ်တောက်နေတာလည်း ဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)