ဇွန်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ကနေ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ကြာအင်းဆိပ်ကြီးမြို့ ရပ်ကွက် ၆ မှာနေထိုင်တဲ့ ဒေသခံတွေကို ပြောင်းရွှေ့ခိုင်းခဲ့ပြီး လက်ရှိအချိန်မှာ စစ်ဘေးရှောင်ခဲ့ရသူတွေ စားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“အခု ရပ်ကွက် ၆ မှာ လူအနည်းစုဘဲရှိတော့တယ်၊ အများဆုံးက မွန်ပြည်နယ်ဘက်ကိုရှောင်ကြတယ်၊ တစ်ချို့ကတော့ ပြောင်းပြေးဖို့ ပိုက်ဆံတောင်မရှိကြဘူး၊ အခုလိုပြောင်းရတော့ အခက်အခဲတွေကတော့ အများကြီးပေါ့၊ ကို့နေရာမဟုတ်တော့ နေထိုင်ရတာလည်းအဆင်မပြေဘူး၊ စားသောက်ရတာလည်း အိမ်မှာလို စားလို့မရဘူး၊ အခုက မော်လမြိုင်က အမျိုးတွေဆီမှာနေရတယ်၊ လူက ၁၅ ယောက်လောက် ရှိတယ်” လို့ ရပ်ကွက် ၆ ကနေ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့က ဒေသခံစစ်ဘေးရှောင်တွေမှာ မွန်ပြည်နယ်ဘက်ကို အဓိက တိမ်းရှောင်နေကြပြီး ဘုရားသုံးဆူမြို့နဲ့ မုဒုံမြို့ဘက်ကိုလည်း ရှောင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကြာအင်းကနေ မော်လမြိုင်ကို အများဆုံးရှောင်ကြတယ်၊ တစ်ခြားလမ်းက သွားရတာခက်တယ်၊ မော်လမြိုင်ကိုသွားရင်တောင် လမ်းမှာ စစ်ကောင်စီဂိတ် ၅ခုလောက်ရှိတယ်၊ တစ်ဂိတ်ကို တစ်ထောင်ကျပ်ပေးရတယ်၊ ချောင်းနှစ်ခွဘက်ကိုတော့ရှောင်လို့မရဘူး၊ အဲ့ဒီဘက်ခြမ်းကို သွားတဲ့တံတားက ကျိုးနေလို့၊ တစ်ခြားကတော့ ဘုရားသုံးဆူကိုပြေးတဲ့လူရှိတယ်၊ မုဒုံဘက်ကိုသွားတဲ့ လူလည်းရှိတယ်” လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပေါ်လာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး မြို့ပေါ်ရပ်ကွက်က ဒေသခံတစ်ချို့အပါအဝင် အနီးနားကျေးရွာတွေဖြစ်တဲ့ ကျောက်ခဲကုန်းကျေရွာ၊ မင်္ဂလာကုန်းကျေးရွာ၊ ဦးချွန်ကုန်းကျေးရွာ၊ ဂျို့ကုန်းကျေးရွာ၊ ရွှေဒိုးကျေးရွာနဲ့ သုံးတိုင်ကျေးရွာတွေက ဒေသခံ ၅၀၀ ကျော်ဟာ နီးစပ်ရာအမျိုးတွေနဲ့ ဘေးလွတ်ရာကျေးရွာတွေဆီကို ပြောင်းရွှေ့ နေထိုင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာလည်း ဇွန်လ ၁၄ ရက်နေ့ညအထိ စစ်ကောင်စီတပ်က ကြာအင်းဆိပ်ကြီးမြို့ အနီးတစ်ဝိုက်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ညတိုင်းနီးပါးပစ်ခတ်နေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)