ဇွန်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်နဲ့ တနင်္သါရီတိုင်းဒေသကြီးအတွင်းက မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်၊ အမှတ် ၈ လမ်းမကြီးတစ်လျှောက်သွားလာနေတဲ့ မော်တော်ယာဥ်တွေလိုက်နာဆောင်ရွက်ဖို့ အချက် ၄ ချက် ပါဝင်တဲ့ အမိန့်စာကို KNU တပ်မဟာ ၆ က ဇွန်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ အမှတ် ၈ လမ်းမကြီးတစ်လျှောက် သွားလာ အသုံးပြုနေတဲ့ မော်တော်ယာဥ်တွေအနေနဲ့ KNU တပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာလက်ခံဖို့၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်မျိုးမပြုလုပ်ဖို့၊ ပြည်သူတွေ စစ်ကောင်စီတပ် ယာဥ်တွေနဲ့ လိုက်ပါစီးနှင်းတာမျိုး မပြုလုပ်ကြဖို့နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ယာဥ်တွေမှာလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ စတဲ့အချက် ၄ ချက်ကိုထုတ်ပြန်ခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ KNU နဲ့ နီးစပ်တဲ့စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကတော့” သူတို့ဒီလမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ ဒီလိုမျိုး စကစကတော့ တက်လာတယ် ဒီလမ်းကို မဖြတ်တောက်ရင် သူတို့ကထပ်ပြီးတော့ အင်အားတို့ချဲ့မှုတွေလုပ်နေမှာပဲ၊ ရည်ရွယ်ချက်ကတော့ စကစလုံးဝတက်လာလို့မရအောင် အင်အားတိုးချဲ့လို့မရအောင်ပေါ့၊ ကုန်ကားသမားတွေက မလွှဲမရှောင်သာ ယူလာရတယ်ဆိုရင်တော့ ဒီဘက်ကတော့ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်မှာပေါ့ အတင်းပစ္စည်းတွေကိုသယ်ခိုင်းတာမို့လို့ သယ်ရတာပါဆိုရင်တော့ KNU ဘက်ကသက်ညှာမှုတော့ ရှိပါမယ်၊ သူက စကစနဲ့ ပတ်သက်နေလား အတင်းသယ်လာခိုင်းလို့သယ်ရတာလားဆိုတာ စီစစ်ပြီးတော့ အရေးယူမှုကတော့ သူတို့လုပ်ရပ်အပေါ်မှာပဲမူတည်တယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် အဲ့ဒီလမ်းပိုင်းအတွင်း သွားလာနေတဲ့ မော်တော်ယာဥ်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့က အတင်းအဓမ္မသယ်ဆောင်ခိုင်းတာတွေပြုလုပ်နေတယ်လို့ မွန်နဲ့တနင်္သါရီလမ်းပိုင်းအတွင်း မောင်းနှင် နေသူယာဥ်မောင်းတစ်ဦးကပြောပါတယ်။
“အဲ့ဒါတွေက မသယ်ဘူးဆိုလည်း ရမှမရတာ ထိုးတင်ပေးတာပဲ ဟိုနားလေးထားခဲ့ပေး ဒီနားလေးထားခဲ့ပေး သူတို့က အတင်းထိုးတင်ပေးတာ ဆင်ခြင်ပေးလည်းရတယ် ဘာညာနဲ့ ဆိုတာကြီးပဲ PDF တွေက ဖြေရှင်းလို့ရရင် တော်သေး ဖြေရှင်းမရရင် ဘာပြောရမာလည်း တော်တော်ဂွကျတယ်”လို့ သူကပြောပါတယ်။
အခုလို KNU ဘက်မှ အမိန့်စာထုတ်ပြန်တာဟာ ဇွန်လ ၁၅ နေ့မှစတင်အကြုံးဝင်တာဖြစ်ပြီး နောက်ထပ် တစ်စုံတစ်ရာ အမိန့်ကြေညာချက်မထုတ်ပြန်ချိန်အထိ ယခုအမိန့်စာက အကြုံးဝင်နေမှာဖြစ်တယ်လို့ KNU နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်ထံမှ သိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံစာ – ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်
Phar Si Than (People’s Radio Myanmar)