ဇွန်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်ထဲမှာရှိတဲ့ တက်တူးဆို င်တွေကို စစ်ကောင်စီတပ်က လိုက်လံပိတ်သိမ်းခိုင်း နေတာကြောင့် တက်တူးထိုးပြီး စီးပွားရေးလုပ်ကိုင်သူတွေ အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ တက်တူးထိုးသူတွေဆီက သိရပါတယ်။
မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့နဲ့ ဘားအံမြို့မှာရှိတဲ့ တက်တူးဆိုင်တွေကို ဇွန်လ အစပိုင်းကစပြီး စစ်ကောင်စီတပ်က လိုက်လံပိတ်သိမ်းခိုင်းနေတာ ဖြစ်ပါတယ်။
မြဝတီမြို့က တက်တူထိုးတဲ့ဆိုင်တွေ ပိတ်သိမ်းမဲ့အကြောင်းနဲ့ တက်တူးဆိုင်တွေကို လုပ်ငန်းလိုင်စင်စည်းကြပ်ကောက်ခံတာတွေမပြုလုပ်ဖို့ကို မြဝတီမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားတာပါ။
အခုလို တက်တူးထိုးတဲ့ဆိုင်တွေကို ပိတ်သိမ်းခိုင်းတာကြောင့် မြဝတီမြို့ထဲက တက်တူးထိုးသူတွေမှာ တက်တူးဆိုင် ဆိုင်းဘုတ်တွေကို ဖြုတ်ထားရပြီး အခြေအနေစောင့်ကြည့်နေရတယ်လို့ တက်တူးဆရာတစ်ဦးက ပြောပါတယ်။
“သူတို့က ပိတ်ခိုင်းတော့ အလုပ်တွေ ရပ်ဆိုင်းရမှာပေါ့၊ မတက်နိုင်ဘူး၊ ပိတ်ဆိုတော့လည်း ပိတ်ပေါ့၊ ဆိုင်တွေ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းနေရပြီးခင်ဗျ၊ အခြေအနေကတော့ စောင့်ကြည့်နေပါတယ်၊ ကျွန်တော်တို့ ဝါသနာကို အရင်းခံပြီးလုပ်လာတာ ဒီတက်တူးအလုပ်ဘဲရှိတယ်၊ ပိတ်ရတော့ မိသားစုစားဝတ်နေရေး အခက်အခဲရှိလာပါတယ်” လို့ သူက ပြောပါတယ်။
အလားတူ ဘားအံမြို့မှာလည်း တက်တူးဆိုင်ပိတ်ဖို့ကို စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဇွန်လ ၁ ရက်နေ့က လိုက်ပြောခဲ့တယ်လို့ ဘားအံမြို့မှာနေထိုင်တဲ့ ဒေသခံတွေက ဆိုပါတယ်။
“ဘားအံမှာက ဆိုင်တွေကို လိုက်ပိတ်ခိုင်းတာ၊ အခုလည်း ဆိုင်ပိတ်ပြီး ဆိုင်းဘုတ်ဖြုတ်ထားရတယ်၊ ခိုးပြီးထိုးရတာပေါ့၊ လူပါးတယ်၊ အခုတောင် ဘာဆက်လုပ်ရမလဲ စဉ်းစားနေတာ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ဆိုင်တွေကိုပိတ်ခိုင်းလိုက်တာ၊ ဖွင့်မယ်ဆိုရင်တော့ ရဲအင်အားနဲ့ပိတ်မယ်ဆိုလားဘဲ” လို့ ဘားအံမြို့က တက်တူးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်မှာ တက်တူးထိုးပြီး အသက်မွေးဝမ်ကြောင်းပြုသူတွေ အများအပြားရှိပြီး အခုလို ထုတ်ပြန်ကြေညာချက်ကို ဘာအတွက်ကြောင့်ထုတ်ပြန်တယ်ဆိုတာ အသေးစိတ်မသိရှိရသေးဘဲ လက်ရှိအချိန်မှာ ကရင်ပြည်နယ်မှာရှိတဲ့ တက်တူးထိုးတဲ့ဆိုင် အားလုံးနီးပါးပိတ်ထားရတယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ပုံစာ – မြို့နယ်စည်ပင်သာယာရေးအဖွဲ့
Phar Si Than (People’s Radio Myanmar)