
လားရှိုး – လောက်ကိုင် ဇွန် ၁၁။
People Radio Myanmar
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး- လောက်ကိုင် လမ်းမှာ ဇွန်လ ပထမအပတ်လောက်ကစပြီး အိမ်စီးကားတွေကို ဆက်ကြေး ကောက်ခံနေတယ်လို့ ဖြတ်သန်းလာခဲ့သူ တစ်ဦးက ပြောပါတယ်။
“ဟုတ်တယ်။ ကားတစ်စီးကို တစ်သိန်း တောင်းတာ။ မြန်မာငွေ တစ်သိန်းလို့ ကြားတယ်”
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုက အိမ်စီးကားသေး တစ်စီးကို မြန်မာငွေကျပ် ၅၀,၀၀၀ နှုန်းနဲ့ ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ဆက်ကြေး ကောက်ခံနေတဲ့ ပုံစံဟာ အချိန်ကာလ ဘယ်လောက်အထိ ကြာမယ်ဆိုတာ မသိရသေးတဲ့အပြင် ဖြတ်ပိုင်းလည်း ပြန်မရတဲ့အတွက် ဘယ်အဖွဲ့က လုပ်ဆောင်နေတယ်ဆိုတာ တိတိကျကျ မသိရဘူးလို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“အခုဟာက တစ်သိန်းဝောာင်းတာ။ အခုက ရှမ်းအဖွဲ့လို့ ထင်တာပဲ။ ဟိုတစ်ခေါက်ကလည်း ကောက်တာပဲ။ ပျောက်ကြားကြေး ဆိုပြီးတော့ ပေးတယ်။ အားလုံးပေါင်း လောလောဆယ် ၃ ဖွဲ့လောက် ပေးနေရတယ်”
လားရှိုးနဲ့ လောက်ကိုင်မြို့ကြားမှာ တိုင်းရင်းသားလက်နက်ကိုင် (EROS)တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးရေးဂိတ်ပေါင်း ၄၀ လောက်ရှိပြီး လမ်းကြောတစ်လျှောက် တစ်နေရာကို အနည်းဆုံး မြန်မာငွေကျပ် ၅,၀၀၀ ပေးရတယ်လို့ သူက ဆက်ပြောပြပါတယ်။
ဒါ့အပြင် လိုင်စင်မဲ့(Without)ယာဉ်တွေလည်း ယာဉ်ထိန်းရဲတွေကို လစဉ်ကြေး ပေးဆောင်နေရတယ်လို့ သိရပါတယ်။
လတ်တလော ဆက်ကြေးကောက်ခံနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ မပေးဆောင်နိုင်တဲ့ ကားတွေကို အာမခံချက် မပေးနိုင်ဘူး ဆိုပြီး ခြိမ်းခြောက် ပြောဆိုတာမျိုးတွေလည်း ကြုံနေရတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူ တစ်ဦးက ပြောပါတယ်။
“အခု လိုမျိုး ကောက်တာက သူတို့က လုံးကနဲ့ပဲ ကောက်တာ။ သူတို့က ကောက်ပြီးရင် မပေးတဲ့ ကားတွေဆိုရင် တာဝန် မယူဘူး။ ဖမ်းရင် ဖမ်းမှာ”
၂၀၂၃ ခုနှစ်အတွင်း လားရှိုး – လောက်ကိုင် – ချင်းရွှေဟော် ပြည်ထောင်စု လမ်းမကြီး ပေါ်မှာလည်း လက်နက်ကိုင် အဖွဲ့တွေဆီကို အခွန်ဆက်ကြေး မဆောင်နိုင်တာကြောင့် ကုန်တင်ကားတွေ အနေနဲ့ မကြာခဏ မီးရှို့ ဖျက်ဆီး ခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အခုလို ဆက်ကြေးကောက်ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်တာမျိုး မရှိသေးပဲ People Radio Mtanmar အနေနဲ့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လားရှိုး – လောက်ကိုင် လမ်းကြောတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့တွေအပြင် နယ်ခြားစောင့်တပ်လို့ ခေါ်တဲ့ BGF တပ်၊ ကိုးကန့်ဒေသ အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/ SSA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) စတဲ့ လက်နက်ကိုင်တပ်တွေ သွားလာ လှုပ်ရှားနေပြီး သက်ဆိုင်ရာ လူမျိုးစုတွေအလိုက် ဆက်ကြေးကောက်ခံတာနဲ့ တပ်သားသစ် စုဆောင်းတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း/ ဓါတ်ပုံ – မြောက်ပိုင်းသူ
အဖွဲ့ – ချယ်ရီနွေဦး