
– ဇွန် ၁၂ ရက် ၂၀၂၃။
လင်္ကာရဘုန်းကြီးကျောင်းထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့များ ယမန်နေ့ (ဇွန် ၁၁ ရက်) က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
“သူတို့ (စစ်ကောင်စီ) က ကျောင်းထဲက ထွက်လာလို့ တိုက်ပွဲဖြစ်တာပါ၊ သူတို့က မိုးဗြဲကို ထိန်းချုပ်ဖို့ ကြိုးစားပြီး လမ်းကြောင်းတွေကို ဖြတ်ပစ်ဖို့ ကြိုးစားနေတာပေါ့။ မြို့ကိုထိန်းချုပ်ချင်တာရော ဖြတ်လေးဖြတ်လုပ်ချင်တာရော သူတို့ရည်ရွယ်တယ်လို့ ယူဆပါတယ်။” လို့ မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ရှိသူက Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက တာဝေးပစ် လက်နက်ကြီးများ အကြိမ် ၁၀၀ ကျော်အသုံးပြုခဲ့တာကြောင့် ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မိုးဗြဲ PDF ရဲဘော် ၁ ဦး၊ KNDF တပ်ရင်း ၃ ရဲဘော် ၂ ဦး နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) ရဲဘော် ၁ ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မိုးဗြဲမြို့တွင်းကို စစ်ကောင်စီက အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာပြီး ဇွန် ၆ ရက်ကစလို့ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေတာဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းအတွင်း တိမ်းရှောင်နေတဲ့ စစ်ရှောင်တွေဟာ ယနေ့အချိန်ထိ အပြင်ထွက်ခွင့်မရဘဲ ပိတ်မိနေပြီး စစ်ကောင်စီက “ခေါ်ရင်ရပ် မေးရင်ဖြေ” အခြေအနေမျိုးနဲ့ နေထိုင်နေရတယ်လို့ ဘုန်းကြီးကျောင်းထဲက လွတ်မြောက်လာသူ စည်ကား ၁ ဒေသခံ အမျိုးသမီးတဦးက Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
– Karenni’s Voice (People’s Radio Myanmar)
Photo – MB PDF