

စစ်ကောင်စီဟာ မိုးဗြဲမြို့အတွင်းက ဘုန်းကြီးကျောင်းတွေ ဖြစ်တဲ့ လင်္ကာရဘုန်းကြီးကျောင်း လယ်တီကျောင်းနဲ့ ဘေးမဲ့ကျောင်းများမှာ ပိတ်မိနေတဲ့ ဒေသခံအချို့ စည်ကား ၂ ရပ်ကွက်အတွင်း ဖြတ်သန်းသွားတဲ့ အရပ်သားများအချို့၊ စုစုပေါင်း ၁၉ ဦးခန့်ကို မေ ၂၇ ရက်မှ ယနေ့(ဇွန် ၁၀ ရက်)အတွင်း သတ်ဖြတ်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF ထံက သိရပါတယ်။
“ကျတော်တို့ ဒီနေ့အထိ အတည်ပြုနိုင်သမျှဆိုရင် ၁၉ ယောက် ထက်မနည်းရှိပြီပေါ့။ စစ်ကောင်စီက လက်နက်ငယ်နဲ့ ပစ်သတ်ထားတာ ၁၂ ယောက်၊ ကျန်တာက လက်နက်ကြီးထိပြီး သေဆုံးတာပါ။ ဒါ လောလောဆယ် အထိပေါ့၊ ပြန်မယူနိုင်သေးတဲ့ ရုပ်အလောင်းတွေလည်း ကျန်နေသေးတယ်။” လို့ MBPDF တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက Karenni’s Voice ကို ပြောပြပါတယ်။
မေ (၂၇) ရက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် စည်ကား (၃) ရပ်ကွက်အတွင်း ၃ နှစ်ခွဲအရွယ် မိန်းကလေးတဦး သေဆုံးခဲ့ပါတယ်။ မေ (၂၈) ရက်မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၁၃ နှစ်အရွယ် မောင်နေအောင်နဲ့ သက်လတ်ပိုင်း အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ မေ (၂၉) ရက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ပါတယ်။ ဇွန် (၃) ရက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၂၂ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသလို ဇွန် (၅) ရက်မှာ ၁၀ နှစ်သားအရွယ် အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ ဇွန် (၆) ရက်မှာ အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့သလို မနက်ပိုင်းမှာ အမျိုးသားတဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး ညနေ ၃:၀၀ ခန့်မှာလည်း နောက်ထပ် အမျိုးသားတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ဇွန် ၈ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးဗြဲ စည်ကား (၂) ရပ်ကွက်ရှိ နေအိမ်တအိမ်ပေါ် ဝင်ရောက်ကာ အိမ်အတွင်းရှိ ညီအစ်ကို ၂ ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ MBPDF ထံက သိရပါတယ်။ ညီအကို ၂ ဦးအနက် တဦးမှာ အသက် ၁၅ နှစ်ခန့် ဖြစ်တယ်လို့ သိရပါတယ်။ ဇွန် (၉) ရက်မှာတော့ စည်ကား (၂) ရပ်ကွက်နေ ဦးအေးဝင်းနဲ့ ၎င်းရဲ့ သမီး (၂) ဦးကို စစ်ကောင်စီက ဦးခေါင်းကိုပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မိန်းကလေး ၂ ဦးအနက် တဦးမှာ (၁၅) နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေ့တင် သူတို့သတ်ထားတဲ့ အလောင်း ၆ လောင်းထပ်တွေ့ရတော့ စုစုပေါင်း ၁၉ ယောက်ထက်မနည်း ရှိမယ်ဗျ။ ဒီထက်လည်းပိုနိုင်တယ်။ ကျတော်တို့ ဆက်ပြီး စုံစမ်းနေတုန်းပါ။ မနေ့(ဇွန် ၉ ရက်) မနက် ၄ နာရီလောက်မှာ မိန်းကလေး ၂ ယောက်နဲ့ သူတို့ရဲ့အဖေ ပစ်သတ်ခံရတာပေါ့။ အလောင်းတွေကိုတော့ ကျတော်တို့ စစ်ဆေးနိုင်တာမျိုးလည်း မဟုတ်တော့ မိန်းကလေးနှစ်ယောက်ကို သူတို့(စစ်ကောင်စီ) အဓမ္မကျင့်ခဲ့သလားဆိုတာတော့ ကျိန်းသေမပြောနိုင်ဘူးပေါ့။ ဒါပေမဲ့ ဘေးပတ်ဝန်းကျင်က ဒေသခံတွေရဲ့ ပြောပြချက်အရတော့ အော်ငိုသံတွေ၊ ရုန်းကန်သံတွေ ကြားရတယ်ပေါ့။ ဆရာဝန်ရဲ့ စစ်ချက်မျိုး မရှိပေမဲ့ ပတ်ဝန်းကျင်သက်သေတွေရဲ့ ပြောပြချက်အရပဲ စစ်ကောင်စီက မဖွယ်မရာ လုပ်ခဲ့တယ်ဆိုတာမျိုး ယူဆနိုင်တယ်ပေါ့။” လို့ MBPDF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပြပါတယ်။
ဇွန် (၇) ရက်ကလည်း လင်္ကာရကျောင်းရှေ့မှာ စိတ်ကျန်းမာရေးချို့ယွင်းသူ အမျိုးသားတဦးက စစ်ကောင်စီ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“သူရဲ့ နားရွက်အောက်နားကို ထိသွားတာ။ ကံကောင်းလို့ပဲ၊ မသေသွားဘူး။ ဆေးကုလို့ရသွားတယ်။” လို့ ပစ်ခတ်ခံရသူကို ကုသမှုရရှိဖို့ ကူညီပေးခဲ့သူ မိုးဗြဲဒေသခံတဦးက Karenni’s Voice ကို ပြောပြပါတယ်။
မိုးဗြဲမြို့အတွင်းက လယ်တီကျောင်း၊ လင်္ကာရကျောင်းနဲ့ ဘေးမဲ့ကျောင်းတို့မှာ ဒေသခံ ရာဂဏန်းခန့် ပိတ်မိနေပြီး စစ်ကောင်စီက နေ့စဉ် ပစ်ခတ်သတ်ဖြတ်နေတယ်လို့ လင်္ကာရကျောင်းက ယနေ့မနက်မှာ လွတ်မြောက်လာတဲ့ စည်ကား (၁) ဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။
“စည်ကား (၁) ထဲမှာ မိန်းကလေး နှစ်ယောက်နဲ့ သူ့အဖေကို ပစ်သတ်တုန်းက ကျမတို့ သေနတ်သံ ကြားနေရတယ်။ ဘုန်းကြီးကျောင်းထဲမှာ ရိက္ခာလည်း မလောက်ဘူးလေ။ အဲတော့ ထမင်းဟင်းပြန်ချက်တာမျိုးရှိတယ်။ တောင်သူလယ်သမားတွေဆိုတော့ အခွင့်ရတာနဲ့ တောင်ယာထွက်လုပ်ကြတာလည်း ရှိတယ်။ အဲဒီလို ဖြတ်သွားဖြတ်လာဆို သူတို့ ပစ်တာပဲ။ သူတို့ပစ်သတ်ထားတဲ့အလောင်းတွေ ဘုန်းကြီးကျောင်းထဲ ယူလာပြီး နောက်ရက်ကျ (အသတ်ခံရသူရဲ့)ဆွေမျိုးတွေ လာယူရင် အလောင်းကိုပေးလိုက်တာပေါ့။ အဖမ်းခံထားရတဲ့ သူတွေလည်း အများကြီးရှိတယ်။ ပြောချင်တာ သူတို့က လူသားဒိုင်းကာလို သုံးနေတာပေါ့။ လူတွေက စစ်ကောင်စီက ခေါ်ရပ်ရပ် မေးရင်ဖြေပဲ။” လို့ ယနေ့မနက်မှာ လွတ်မြောက်လာတဲ့ စည်ကား (၁) ဒေသခံ အမျိုးသမီးတဦးက Karenni’s Voice ကို ပြောပြပါတယ်။
လင်္ကာရဘုန်းကြီးကျောင်းအတွင်း လူဦးရေ ၇၀ ကျော် ပိတ်မိနေသလို၊ လယ်တီကျောင်းနဲ့ ဘေးမဲ့ကျောင်းတွေမှာလည်း ဒေသခံပြည်သူများ ကျန်ရှိဆဲဖြစ်ကြောင်း ဆက်လက်ပြောပြခဲ့ပါတယ်။
မေ ၂၇ ရက်က စတင်ပြီး စစ်ကောင်စီရဲ့ တပ်မ ၆၆၊ တပ်မ ၃၃ လက်အောက်ခံတပ်များနဲ့ Kayan National Guard-KNG ပြည်သူ့စစ်များ အင်အား ၃၀၀ နီးပါးနဲ့ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတယ်လို့ သိရပါတယ်။ ဇွန် ၅ ရက်မှာ မိုးဗြဲမြို့ ဘုန်းကြီးကျောင်းများအတွင်း တပ်စွဲကာ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေပြီး ဒေသခံကာကွယ်ရေးတပ်များရဲ့ ယနေ့အထိ တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။

Photo – MBPDF၊ CJ