ဇွန်လ ၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်ဒေသမှာ စစ်ကောင်စီတပ်က စစ်ရေးအရှိန်မြင့်လုပ်ဆောင်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့တောင်ဘက်မှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေပြီး စစ်ရေးအရှိန်မြင့်တာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။
အခုလို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေကိုပြုလုပ်နေတာကြောင့် ဒေသခံတွေမှာ နေ့စဥ်စားဝတ်နေရေးအတွက်အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံ ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
“ညဘက်ဆိုလက်နက်ကြီးပစ်တာပေါ့၊ ၉၇ ကပစ်တယ်၊ လှိုင်ဝကနေလည်းပစ်တယ်၊ သူတို့ပစ်လို့လည်း လူသေတာမနည်းတော့ဘူး၊ တစ်ညလုံးတော့မပစ်ဘူး၊ ၁၂ ကျော်ရင်နားပြီး၊ မီးလည်းမဖွင့်ရဲဘူး၊ မီးဖွင့်ရင် သေနတ်နဲ့လှမ်းပစ်တာ၊ ည၉နာရီကျော်ရင် မီးပိတ်ရပြီး” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ ဇွန်လ ၇ ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်လက်အောက်ခံ ၉၇ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာတန်းရှည်ကျေးရွာက အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ၄၃နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ ၄နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်က ညဘက်ကင်းလှည့်တာတွေကို ပြုလုပ်နေပြီး ဒရုန်းပျံသန်းတာတွေ့ရင် သေနတ်နဲ့ ပစ်ခတ်တာတွေကို ပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ဆိုပါတယ်။
“ကင်းက ညတိုင်းပြေးတယ်၊ ညဘက်က အလုံးကြီးပစ်တယ်၊စက္ကန့် ၆၀ ကိုတစ်လုံး၊ ၁၂ ကျော်မှနားတယ်၊ မနေ့က မြို့ထဲ ဒရုန်း ၂စီး တစ်စီးက စကစရသွားတယ်၊ တစ်စီးက တော်ထဲပြန်ယူသွားနိုင်တယ်၊ ညကလည်း ဒရုန်းတစ်စီး အိမ်နားကျတာ၊ ခေါင်းပေါ်ကျပြီးထင်လို့ အိမ်အောက်ဆင်းပြေးရတယ်၊ ကင်းလှည့်နေချိန် ပစ်ချတာ” လို့ ကော့ကရိတ်မြို့နေထိုင်သူတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ထဲမှာ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေ၊ သတင်းနားထောင်တာတွေ့ရှိပါက ဖမ်းဆီးအရေးယူ ခံရတာတွေ ၁၀ ဦးနီးပါးရှိနေပြီးလို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော့ကရိတ်ဒေသထဲက ကျေးရွာတွေဖြစ်တဲ့ ကမိုင်ကုန်းကျေးရွာ၊ စံဖလားကျေးရွာ၊ ရွာတန်းရှည်ကျေးရွာနဲ့ ကြာအင်းကုန်းကျေးရွာတွေက မေလ ၁ ရက်နေ့ကနေ ဇွန်လ ၅ရက်နေ့အတွင်း ခရစ်ယျာန်ဘုရားကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၆လုံးကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ၁ ဦးသေဆုံးခဲ့ကာ ၁၀ဦးနီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)