ဇွန်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်
မြိတ်ခရိုင်၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းရဲ့ သတင်နှင့်ပြန်ကြားရေးတာဝန်ခံ ထံမှသိရပါတယ်။
ဇွန်လ ၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီလောက်မှာ ချောင်းညီကိုကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဘက် စစ်ကြောင်းနှစ်ကြောင်း ခွဲပြီး ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု တစ်နာရီကျော် ကြာမြင့်ခဲ့တယ်လို့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းရဲ့ သတင်နှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကျောင်းမှာက တပ်စွဲထားတာ ၃၀ လောက်ရှိတယ်။ ပွဲက နီးကပ်ဖြစ်တယ်။ ကျနော်တို့က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး အလစ်ဝင်တိုက်တာ” လို့ သူကပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က တပ်သား ၁၀ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ရဲဘော် ၂ ဦး မစိုးရိမ်ရ လက်နက်ကြီးစ ထိမှန်ရရှိခဲ့တယ်လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းရဲ့ သတင်နှင့်ပြန်ကြားရေးတာဝန်ခံရဲ့ ပြောကြားချက်အရ သိရပါတယ်။
“စစ်ကောင်စီဘက် ၁၀ ယောက်သေတယ်ဆိုတာက မြေပြင်က လူတွေရဲ့ ပြောချက်အရသိရတယ်။ ဒဏ်ရာရရှိသူ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူး။ ကျနော်တို့ ရဲဘော်နှစ်ဦးလည်း လက်နက်ကြီးစထိမှန်ထားတယ်။ မစိုးရိမ်ရပါဘူး” လို့ သူကဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ် ခမရ ၅၅၆ ဇဝဲတပ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိမယ်ထင်ရတဲ့ ချောင်းညီကိုရွာ၊ ဘန်းလမွတ်ရွာတွေကကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က မြိတ်မြို့ပေါ်ကနေ စစ်ကားသုံးစီးနဲ့ လာရောက် အင်အားဖြည့်ခဲ့ပြီး ချောင်းညီကိုရွာနဲ့ အနီးကပ်ရွာတွေဖြစ်တဲ့ ညောင်ပင်ကုန်းရွာ၊ ရမ်းဖိုရွာ၊ ဘန်းလမွတ်ရွာတွေက အိမ်တွေမှာ တပ်စွဲထားကာ တောနင်းရှာဖွေတာတွေလည်း လုပ်ဆောင်နေတယ်လို့ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို KTLA-TCJF၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း(SWDF)၊ တနင်္သာရီရိုးမအဖွဲ့၊ မြိတ်( ပကဖ)၊ မြိတ်ခရိုင်တပ်ရင် (၂)၊ တောဗုံးကြီးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်မှာ လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေး အခြေအနေတင်းမာနေပြီး စစ်ကောင်စီတပ် ဘက်ကလည်း ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ အခုချိန်အထိ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ပြည်သူများအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာတွေကို မလုပ်ဖို့ ဒေသအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေးပြောဆိုထားပါတယ်။
တနင်္သာရီမြို့နယ်က ချောင်းညီကိုရွာ၊ ဘန်းလမွတ်ရွာ၊ ရမ်းဖိုရွာ၊ ညောင်ပင်ကုန်းရွာစတဲ့ ရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အမြဲပစ်ခတ်နေတာကြောင့် ကျေးရွာတွေက ပြည်သူ ၆၀၀၀ ကျော် နီးစပ်ရာတောတောင်တွေထဲ စစ်ဘေးရှောင်နေရပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၁၀ နဲ့ ချီပြီး ပျက်စီးခဲ့ပါတယ်။
သတင်း – နော်အယ်နီး
ရုပ်သံ – ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း
Phar Si Than (People’s Radio Myanmar)