ဇွန်လ (၇) ရက် ၊ ၂၀၂၃ ခုနှစ်
ထိုင်းနိုင်ငံနယ်စပ် ၊ မြဝတီ−မဲဆောက်ချစ်ကြည်ရေးတံတား အမှတ် (၁) မှ CI စာအုပ်၊ PJ စာအုပ်နဲ့ နယ်ခြားဖြတ်ကျော်ခွင့် (၇) ရက် လက်မှတ်တို့ ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်မည့် သူတွေ အတွက် ဇွန်လ (၇) ရက်နေ့ မနက်ပိုင်းမှ စတင်ကာ ပြန်လည်ဝင်ရောက် ခွင့်ပြုလိုက်ပြီလို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လ (၅) ရက်နေ့က CI စာအုပ်၊ PJ စာအုပ် ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို မြန်မာဘက်ခြမ်း လ.ဝ.က မှ အမှတ် (၁) တံတားကနေ ဖြတ်သန်းသွားလာခွင့် ခေတ္တခဏပိတ်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီကိစ္စနဲ့ ပက်သက်ပြီး မြန်မာဘက်ခြမ်းမှ တံတားတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာ “တံတားပိတ်တာက ခဏပိတ်ထားတာပါ ဒီနေ့မနက်ပြန်ဖွင့်ပေးလိုက်ပါပြီ ။ နောက်ပြီးတော့ ထိုင်းဘက်သွားမယ့်သူတွေက Covid-19 ကာကွယ်ဆေး အနည်းဆုံး ၃ ကြိမ် ထိုးနှံထား တဲ့လက်မှတ်ပါရမယ်ပေါ့နော် ။ အလုပ်သွားလုပ်မယ့်သူတွေ အနေနဲ့ လ.ဝ.က ကနေကောက်ခံတဲ့ ဘတ် (၂၀၀) သတ်မှတ်ငွေပမာဏပေးပြီး တုံးထုပြီး အရင်လိုပြန်ဝင်လို့ရနေပါပြီလို့” ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းက မြဝတီမြို့တွင်းမှအပ နေရာတချို့ကို ဇွန်လ (၆) ရက်နေ့မှာ ထိုင်းလျှပ်စစ်မီး စတင် ဖြတ်တောက်တဲ့ ကိစ္စရပ်နဲ့ ပက်သက်ပြီး ချစ်ကြည်ရေးတံတားအမှတ် (၁) ပိတ်ထားတယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
လက်ရှိ ထိုင်းနိုင်ငံအတွင်းသို့ CI စာအုပ်၊ PJ စာအုပ် ကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်သူတွေ ရှိနေသလို MOU စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်သူတွေလည်း ရှိနေပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေမှာ လုပ်ခလစာ အပြည့်အဝမရရှိတာ အပြင် အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာ တွေလည်းရှိနေတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေထံမှသိရပါတယ်။
သတင်း – နော်ဝါးဝါးဖော
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)