
ဇွန်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်
လေရှီးပြည်သူ့ဆေးရုံကြီးကို အသစ်ရောက်လာတဲ့ စကစခန့်ဆရာဝန်ဟာ ဆေးရုံလာတက်တဲ့ လူနာတွေကို ရောဂါသေချာစစ်ဆေးမှုမျိုးမရှိဘဲ လူနာအခြေနေကိုကြည့်ပြီး လက်အောက်ဝန်ထမ်းများကနေတဆင့် ညွှန်ကြားကာ ဆေးထိုး ဆေးပေး ပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တစ်ချို့လူနာတွေဟာ ဆေးရုံတက်ရက်ကြာလာပေမယ့်အနာနဲ့ဆေးနဲ့မတည့် မသက်သာတာကြောင့် သက်သာပြီ လို့ လိမ်ညာပြီးဆေးရုံကနေ ဆင်းလာခဲ့ရတာတွေလည်း ရှိပါတယ်။
“ဗိုက်နာလို့ဆေးရုံတက်တာ ၃ ရက် ဆေးရုံတက်လိုက်ရတယ်။ ဒါပေမယ့်ဆရာဝန် ကိုယ်တိုင် စမ်းသပ်ပေးတာတို့ ဘာတစ်ခုမှမရှိဘူး။ ဆရာမတွေကို ဆေးသွင်းပေးခိုင်းတာဘဲရှိတယ်”လို့ လတ်တလော ဆေးရုံတက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက Naga News ကို ပြောပါတယ်။
“အခုလက်ရှိတာဝန်ကျနေတဲ့ ဆရာဝန်က တပ်တွင်းကနေ အရပ်ဖက်ကို ပြောင်းလာတာလို့ ကြားတာပဲ” လို့လည်း ဒေသခံ တစ်ဦးက ဆိုပါတယ်။
ဆေးရုံကနေ သေချာစစ်ဆေးမှုမျိုး မရှိတာကြောင့် ဒေသခံတွေဟာ ဆေးအကြောင်း အနည်းငယ်နားလည်တတ်ကျွမ်းတဲ့သူတွေကို မေးမြန်းပြီး အပြင်ဆေးဆိုင်တွေကနေ ဆေးဝယ်သောက်၍ကုသနေကြကြောင်းသိရှိခဲ့ရပါတယ်။
အခုလို ဆေးဝါးကုသမှုနယ်ပယ်မှာ ကျွမ်းကျင်မှုမရှိတာကြောင့် အသက် မဆုံးရှုံးသင့်ပဲ သေဆုံးခဲ့ရတဲ့ လူနာတွေ ရှိသလို မွေးလူနာတွေ မကြာခဏ အခက်အခဲ ကြုံနေရပါတယ်။
Naga News
Photo – လေရှီးပြည်သူ့ဆေးရုံ