ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ပိုင်းမှာမှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်က ထိုင်းမီးသုံးစွဲနေတဲ့ ရပ်ကွက် ၃ ခု လျှပ်စစ်မီးဖြတ်တောက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်က ထိုင်းမီးသွယ်တန်းသုံးစွဲနေတဲ့ ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၁ ၊ ရပ်ကွက် ၃ ၊ ရပ်ကွက် ၄ တွေကို ဇွန်လ ၅ ရက်နေ့ ည ၁၂ နာရီအချိန်မှာ ထိုင်းအစိုးရက လျှပ်စီးဖြတ်တောက်လိုက် တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
“ထိုင်းမီးတော့ဖြတ်လိုက်ပြီ၊ ရွှေကုက္ကိုလ်ကတစ်ခုဘဲ၊ ဒီနားကရွာတွေကတော့ထိုင်းမီးမယူဘူး၊ ထိုင်းမီးယူတာရွှေကုက္ကိုလ်ထဲက အဲ့ဒီရပ်ကွက် ၃ ခုလောက်ပဲ ထိုင်းမီးယူတာ၊ ဒီမှာက မြန်မာမီးရှိတယ်၊ ငါတို့ကဘတ်ဂျက်နိုင်လေ” လို့ သူကပြောပါတယ်။
ဒါ့အပြင် အရင်ကမြန်မာလျှပ်စစ်မီးကို တစ်ယူနစ် ၆ ဘတ်နဲ့ ၂ ပြား ပေးဆောင်ရပေမဲ့ ထိုင်းလျှပ်စစ်မီး လိုင်းဖြတ်တောက်မယ်လို့ သတင်းထွက်ပေါ်ပြီး နောက်ပိုင်းမှာတော့ တစ်ယူနစ်ကို ၁၃ ဘတ်ထိ တိုးမြှင့်ကောက်ခံနေတယ်လို့ ဆိုပါတယ်။
အခုလိုထိုင်းလျှပ်စစ်မီးဖြတ်တောက်ခံရတာ ရွှေကုက္ကိုလ်မြို့ သစ်တစ်ခုထဲမဟုတ်ပဲ မြဝတီမြို့ တောင်ဘက်ရှိ အင်းကြင်းမြိုင်၊ မင်းလက်ပံ၊ မဲ့ထော်သလေး၊ ဖလူး၊ မေတ္တာလင်းမြိုင် ကျေးရွာတွေ ဘက်မှာပါ ထိုင်းလျှပ်စစ်မီးဖြတ်တောက်ခံရထားရကြောင်းသိရပြီး မြဝတီမြို့ပေါ်မှာတော့ ထိုင်းလျှပ်စစ်မီးအခုချိန်ထိ ဖြတ်တောက်တာမရှိဘူးလို့သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)