ဇွန်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့မော် တော်ကားတွေကိုဖမ်းဆီးသိမ်းဆည်းတာတွေအပြင် မော်တော်ယာဥ်မောင်းနှင်သူတွေကိုပါ ဖမ်းဆီးထောင်ချတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဇွန် ၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်လောက်ကစပြီး ဒေသခံပြည်သူတွေ အဓိကအသုံးပြု သွားလာနေရာတွေဖြစ်တဲ့ မဲဘောင်ဈေး၊ ဇွဲကပင်ပလာဇာရှေ့၊ ဘုရားကြီးဝင်းရှေ့၊ အ ထ က ၄ ကျောင်းအနီးနဲ့ ရွှေကြက်ဖမီးပွိုင့်အနီးမှာ အဓိကဖမ်းဆီးတာဖြစ်ပြီး လိုင်စဥ်မဲ့ယာဥ်တွေကို ဖမ်းဆီးသိမ်းဆည်းကာ ယာဥ်မောင်းတွေကို ထောင်ချတာတွေကိုပါ ပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကားတွေပဲဖမ်းတာ အကြီးအကျယ်ပဲ ဖမ်းတာက ၉ နာရီနောက်ပိုင်းစပေမဲ့ ရွှေ့နေကြတာလေ တစ်နေရာတည်းမဟုတ်ဘူး၊ ရွှေ့ဖမ်းကြတာ၊ ဒဏ်ကြေးလဲပါတယ်၊ လူကထောင်ချတယ် ၃ နှစ်၊ ဆိုင်ကယ်ကတော့ နံပါတ်ပြား ဘက်မှန် ဦးထုပ် ပါရင် ရသေးတယ်ထင်တာပဲ၊ သေချာတော့မသိဘူး ဆိုင်ကယ်ကတော့” လို့ သူကပြောပါတယ်။
အခုလို ဖမ်းဆီးသိမ်းဆည်းခံခဲ့ရတဲ့ မော်တော်ကားတွေထဲမှာ ပြီးခဲ့တဲ့မေလက ဖောင်းကြွနံပါတ်ပြား ပြုလုပ်ထားတဲ့ကားတွေပါဝင်နေပြီး တစ်နေ့ကို လိုင်စင်မဲ့မော်တော်ကားအစီး ၆၀ လောက်ကို တစ်လ စီမံကိန်းအနေနဲ့ ဖမ်းဆီးသွားမှာဖြစ်တယ်လို့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
“အခုက နေပြည်တော်ကဆင်းဖမ်းတာ၊ ဒီကလူတွေဖမ်းတာမဟုတ်ဘူး၊ ဒီကလူတွေဆို အသိတွေနဲ့ ပိုက်ဆံပေးပြီးပြန်လွှတ်မှာဆိုးလို့၊ အခုဖမ်းခံထိတဲ့သူတွေရဲ့ကားတွေထဲမှာ BGF အဖွဲ့ဝင်တွေရဲ့ ကားတွေလည်းပါတယ်၊ နံပါတ်ပြားလုပ်တဲ့သူတွေရဲ့ကားတွေလည်းပါတယ်၊ နံပါတ်ပြားလုပ်လဲဖမ်းတော့ နံပါတ်ပြားလုပ်မိရင်ပိုရှုံးပေါ့” လို့ သူကပြောပါတယ်။
ဇွန်လ ၁ ရက်နေ့မှစတင်ပြီး ဘားအံမြို့တွင်းမြို့ပြင်သွားလာနေတဲ့ လိုင်စဥ်မဲ့မော်တော်ယာဥ်တွေကို စစ်ကောစီတပ်လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့အစည်းတွေမှ ဖမ်းဆီးသိမ်းဆည်းကာ ပို့ကုန်/ သွင်းကုန် ဥပဒေပုဒ်မ ၈ အရ ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ် နှစ်မျိုးလုံးဖြစ်စေ ကျခံရမယ်လို့ ဘားအံခရိုင်ယာဥ်အန္တာရယ်၊ လမ်းအန္တာရယ်ကင်းရှင်းရေးအဖွဲ့က မေလ နောက်ဆုံးအပတ်မှာထုတ်ပြန်ခဲ့ပါတယ်။
ဘားအံမြို့မှာ တစ်ရက်တည်းဖမ်းဆီးခဲရတဲ့ လိုင်စင်မဲ့မော်တော်ကား အစီး ၅၀ ဝန်းကျင်ခန့်ရှိကာ ဗိုလ်ချုပ်လမ်းမဘေးရပ်ထားတဲ့ လိုင်စင်မဲ့မော်တော်ကားတွေပါ ဖမ်းဆီးသိမ်းဆည်းခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။
ဒါ့အပြင် အရင်ကဖမ်းဆီးရမိတဲ့လိုင်စင်မဲ့မော်တော်ကားတွေမှာ ဒဏ်ငွေ ၃ သောင်းကနေ ၃ သိန်းအထိ ငွေဒဏ်သာပေးဆောင်ခဲ့ရပေမဲ့ အခုအချိန်မှာတော့ ကားသိမ်းတာတွေအပြင် ထောင်ချတာတွေပါ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)