
ဇွန်လ ၅ ရက်၊ ၂၀၂၃ ရက်နေ့
နာဂဒေသ လဟယ်မြို့မှာ ရေအားလျှပ်စစ် အပါအဝင် အခြားဖွံ့ဖြို့ရေး စီမံချက်များကို ၂ နှစ်ကနေ ၃ နှစ်စီမံကိန်းအထိ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
“လဟယ်မှာက ၂ နှစ်စီမံကိန်းနဲ့ ရေအားလျှပ်စစ် လုပ်နေတယ်။ ပြီးရင် ရိုးရာကွင်း နာဂရိုးရာကွင်းဖော်နေတာ။ တောင်ယာ ၅ ကွက်စာကိုလေ ရိုးရာကွင်းအတွက် လုပ်နေကြတာ။ ရိုးရာကွင်းက လဟယ်မြို့တွင်း မြို့မဖက်ခြမ်းမှာ လုပ်တာ။ အဲဒီ ဟွေထိုက်ချောင်းရှိတယ်လေ၊ အဲဒီ ဟွေထိုက်ချောင်းကို ၁၂ ရာသီ ရေအားလျှပ်စစ်လည်းလုပ်မှာ အဲဒီ အနားမှာ ရိုးရာကွင်းလည်း လုပ်နေတာလေ” လို့ Naga News ကို ပြောပါတယ်။
ယခုနှစ် ပညာသင်နှစ်မှာ နာဂဒေသက မဟုတ်တဲ့ မြန်မာနိုင်ငံအောက်ဖျားပိုင်းက အများအပြားဟာ လဟယ်မြို့ကို မိသားစုလိုက် ရွှေ့ပြောင်းလာပြီး အိမ်ငှါးအနေနဲ့ နေထိုင်ကာ စစ်အုပ်စုကျောင်းတွေမှာ ကျောင်းအပ်နှံနေကြတယ်လို့လည်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
စကစအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ အခြားနေရာဒေသများမှာ နေထိုင်ဖို့ မလုံခြုံတော့တာကြောင့် နာဂဒေသလိုမျိုး အဖက်ဖက်က သူတို့ ခြယ်လှယ်ထားလို့ရတဲ့နေရာမျိုးမှာ လာရောက်နေထိုင်နေတာ ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေ ရှိနေသော်ငြားလည်း လူထုအတွက် အားထားမရသေးတဲ့ နာဂဒေလိုနေရာမျိုးက ပြည်သူတွေဟာ သူတို့ရဲ့ မတရားခံနေရမှုတွေကို ပြောဆိုဖို့ မလုံခြုံတော့တာလဲ ဖြစ်ပါတယ်။

Naga News
ပုံ – လဟယ်မြို့ ဇွန် ၁ရက် နေ့