သတင်းဆောင်းပါး ( မရစ်နော် )
ဗမာပြည်ကို စစ်ကောင်စီ အာဏာသိမ်းခဲ့သည်မှာ ၂ နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ယခုနှစ် ( ၂၀၂၃-၂၄ ပညာသင်နှစ် ) အတွက် ဇွန်လ ၁ ရက်နေ့အထိ ကျောင်း အပ်နှံသူပေါင်း ၆.၇၄ သန်းကျော် ရှိသည်ဟု စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်လာပါသည်။ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ဘက်မှလည်း စစ်ကောင်စီကျောင်းတက်ရောက်သူများအား အသိအမှတ်ပြုမည်မဟုတ်ကြောင်း “CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း – မူကြမ်း” အခန်း ၄ ၊ အပိုဒ် ၁၄ တွင် ဖော်ပြထားသည်။
ကချင်ပြည်နယ်သည် ရှည်ကြာသော ပြည်တွင်းစစ်ဒဏ်ကို တိုက်ရိုက်ခံစားခဲ့ရသော ပြည်နယ် ဖြစ်သည်။ ယခုနောက်ပိုင်း ငွေကြေးဖောင်းပွမှု ပိုဆိုးလာခြင်းက အထူးသဖြင့် နေရပ်တိမ်းရှောင်ကာ စစ်ဘေးရှောင်နေသူများအတွက် ရသည့်ပိုက်ဆံနှင့် အသုံးစရိတ်မကာမိသော အခြေအနေသို့ ရောက်စေသည်။ အတန်းကြီးလာသော သားသမီးများ၏ ကျူရှင်ခများမှာ ကြီးမားသော စိန်ခေါ်မှု ဖြစ်သည်။
“ ဒီမှာက ဟင်းသီးဟင်းရွက်ကစ အကုန်ဝယ်စားရတာ၊ ရွာမှာတုန်းကလို ကိုယ်အိမ်နဲ့မဟုတ်တော့ စိုက်စားလို့မရဘူး ” ဟု မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းတခုမှ စစ်ကောင်စီကျောင်း တက်ရောက်နေသောကျောင်းသားနှစ်ယောက်၏ အမဖြစ်သူက ပြောပါသည်။
ကျောင်းထားနေရသည့်ရည်မှန်းချက်ကို မေးမြန်းရာ “ ဘာမှတော့ ကြီးကြီးမားမား မမျှော်လင့်ပါဘူး။ Grade 12 အထိ ချောချောမွေ့မွေ့အောင်သွားရင် ပြီးတာပါပဲ၊ ကျန်တာတော့ သူတို့ဆုံးဖြတ်အတိုင်းလုပ်ချင်တာ လုပ်ပါစေ ” ဟု သူက ပြောသည်။
ကိုဗစ်ကြောင့်ကျောင်းနားအပြီး စစ်အာဏာသိမ်းမှုကို လက်မခံသဖြင့် ကျောင်းမထားပဲ တောင့်ခံခဲ့ပြီးမှ ယခုနှစ် ကျောင်းပြန်အပ်မည့် ကျောင်းသားမိဘများလည်း ရှိသည်။ “ပညာရေးနှောင့်နှေးလို့ ဆိုတာထက် ခလေးတွေအလေအလွင့်မဖြစ်အောင် ကျောင်းထားတဲ့သဘောပါပဲ၊ အိမ်မှာကြတော့ စီးပွားရေးတဖက်နဲ့ဆိုတော့ အမြဲမကြည့်နေနိုင်ဘူးလေ” ဟု ကိုယ်ပိုင်ကျောင်း အပ်ထားသည့် Grade 1 နှင့် Grade 3 ၏ ဖခင်တဦးက ကျောင်းပြန်ထားရသည့် ရည်ရွယ်ချက်ကို ပြောပြပါသည်။
မိမိတို့၏ ရင်သွေးအား အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အခြေခံပညာအဆင့်ဖက်ဒရယ်ကျောင်း၌ တက်ရောက်စေသော ကျောင်းသားမိဘများလည်း ရှိသည်။ လုံခြုံရေး အထူး စိုးရိမ်ရသည့်အပြင် အွန်လိုင်းအခြေပြုသင်ကြားရေးစနစ်ဖြစ်သည့်အတွက် လျှပ်စစ်မီးပုံမှန်မလာခြင်းကြောင့် ဖုန်းအားမရှိခြင်း အခက်အခဲများ ရှိသည်ဟု သိရသည်။
စစ်ကောင်စီကျောင်းထားသူများအား သူ၏အမြင်ကို မေးကြည့်ရာ “ ဒီလိုပဲ လက်လျော့လိုက်တော့မှာလားပေါ့လေ။ လူတိုင်းမှာ အခက်အခဲကိုယ်စီရှိတယ်။ သူများဆို အသက်၊ ခန္ဓာကိုယ်၊ အိုးအိမ်တွေနဲ့ ရင်းပြီး တိုက်ပွဲဝင်နေတာ။ တော်လှန်ရေးပြီးတဲ့အထိ ရေကုန်မီးကုန် တောင့်ခံစေချင်တာပေါ့။ ကျောင်းကတော့ လူတိုင်းထားချင်တာပါပဲ” ဟု ကိုယ်တိုင်ကလည်း ကျန်းမာရေးဌာနမှ CDM ပြုလုပ်ထားပြီး မိမိ၏သားသမီးများအား ကချင်ပြည်နယ်အခြေပြု ဖက်ဒရယ်ကျောင်းတခု၌ တက်ရောက်နေစေသော ကျောင်းသားမိဘတဦးက ပြောပြပါသည်။
တော်လှန်စိတ်ကြောင့် စစ်ကောင်စီ၏ကျောင်းကို ငြင်းပယ်ရင်း ပညာရေးနှင့်ပါ လမ်းခွဲလိုက်ရသောလူငယ်များလည်း ရှိပါသည်။ ထိုလူငယ်များမှ တချို့သည် အတန်းပညာကို ဆုံးအောင်သင်စေချင်သည့် မိဘများကို အန်တုပြီး၊ မရေရာသော အနာဂါတ်၌ ဘဝအား ရရာနည်းဖြင့် ရပ်တည်နေကြရသည်။ “ဒီနောက်ပိုင်း ပြင်ပစာပေတွေဖတ်တော့ ကျောင်းက သမိုင်းအမှားတွေ သင်နေတာ သိလာတယ်။ အဲ့ဒီအမှားတွေ ရိုက်သွင်းတာ မခံချင်တော့ဘူး။ ပြီးတော့ သက်တူရွယ်တူတွေ တော်လှန်ရေးထဲ ထဲထဲဝင်ဝင် ပါဝင်နေတာရှိတယ်။ ကျောင်းတက်ဖို့ ဘယ်လိုမှ လိပ်ပြာမလုံပါဘူး ” ဟု လက်ရှိ Delivery ဝန်ထမ်း အလုပ် လုပ်ကိုင်နေသော အသက် ၁၈ နှစ်ဝန်းကျင် (၁၀) တန်း စနစ်ဟောင်း CDM ကျောင်းသားတဦးက ပြောပါသည်။
ယုံကြည်ချက်များ၊ ခံယူချက်များ၊ ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ဘဝအခြေအနေများ စသော မတူညီမှုများကြား၌ စစ်ကောင်စီ၏ ကျောင်း တက်ရေး မတက်ရေးကိစ္စသည် ယနေ့တိုင် အငြင်းပွားစရာအဖြစ် ရှိနေဆဲဖြစ်ပါသည်။
မရစ်နော်
#manauvoice
#သတင်းဆောင်းပါး