ဇွန်လ ၅ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နဲ့ အနီးနားကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါးပစ်ခတ်နေတာကြောင့် ကျုံဒိုးမြို့က ဒေသခံတစ်ချို့ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျုံဒိုးမြို့နဲ့ အနီးနားကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်လက်အောက်ခံ ခမရ ၅၄၅တပ်နဲ့ ခမရ ၅၄၆တပ်တွေကနေ လက်နက်ကြီးနဲ့ ညတိုင်းနီးပါး ပစ်ခတ်နေတာပါ။
အခုလိုလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ကျုံဒိုးမြို့ထိကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေပြီး ကျုံဒိုးမြို့ဒေသခံတစ်ချို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ကျုံဒိုးမြို့ဒေသခံတွေက ပြောပါတယ်။
“ တစ်ရက်ကိုနည်းနည်းသွားနေကြတယ်၊ ဟိုနေ့က ကော့ကာရွာထဲကို လက်နက်ကြီးကျပြီးတဲ့နောက်ပိုင်းမှာ မနေရဲတော့ဘူးလေ၊ လူလည်းထိတာဆိုတော့၊ လောလောဆယ်တော့ ငြိမ်နေတယ်၊ ပြေးတာကတော့ ဘေးလွတ်တဲ့ရွာဘက်တွေကိုသွားတဲ့လူတွေရှိတယ်၊ အရင်ကဆို နဘူးဘုန်းကြီးကျောင်းကိုပြေးကြတယ်၊” လို့ ကျုံဒိုးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ရက်နေ့ ည ၈နာရီက ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၆ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံး ကျုံဒိုးမြို့အနီးက ကော့ကာကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကော့ကာကျေးရွာက နေအိမ် ၆လုံးမီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူဗဟိုရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ကျုံဒိုးမြို့အနီးက ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ နေအိမ်မှာမနေရဲတော့ဘဲ ညမိုးချုပ်တာနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်နေထိုင်နေကြတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ဆိုပါတယ်။
“ ညဘက်ရောက်ရင် ရွာထဲမှာ လူမနေတော့ဘူး၊ ရွာထဲက ဘုန်းကြီးကျောင်းမှာ သွားနေတဲ့လူရှိတယ်၊ တစ်ခြားရွာမှာ သွားနေတဲ့လူလည်းရှိတယ်၊ ရွာထဲမှာနေတဲ့လူက နည်းတယ်၊ နေ့လည်ပိုင်းဆို ရွာထဲမှာလူရှိတယ်၊ ညဘက်မှာ တစ်ခြားသွားအိပ်ကြတာ၊ စစ်ကောင်စီက အားတိုင်းရမ်းပစ်နေတာ၊” လို့ ဒေသခံတွေက ပြောပါတယ်။
ကျုံဒိုးမြို့အနီးတစ်ဝိုက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် မေလ ၂၅ရက်နေ့ကနေ ဇွန်လ ၄ရက်နေ့အထိ ဒေသခံ ၁ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိကာ နေအိမ်၆လုံး ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ- Doo Pla Ya District
Phar Si Than(People’s Radio Myanmar)