ဇွန်လ (၂) ရက် ၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ အင်ကြင်းမြိုင် နဲ့ ရွှေကုက္ကိုလ်ဒေသတွေမှာ ထိုင်းအစိုးရမှ ထိုင်းမီးလိုင်းတွေကို ဇွန်လ (၅) ရက်နေ့နောက်ဆုံးထားပြီး ပြန်လည်ရုတ်သိမ်းတော့မှာဖြစ်တယ်လို့ ရွှေကုက္ကိုလ်ဒေသခံတွေထံမှ သိရပါတယ်။
လက်ရှိ ရွှေကုက္ကိုလ်ဒေသဟာ မြန်မာလျှပ်စစ်မီးနဲ့ ထိုင်းမီးလိုင်း နှစ်မျိုးလုံး သုံးစွဲလို့ရတဲ့ နေရာဒေသလည်း ဖြစ်ပါတယ်။ အိမ်သုံးလျှပ်စစ်အတွက် မြန်မာလျှပ်စစ်မီးကို သွယ်တန်းသုံးစွဲပြီး လုပ်ငန်းသုံးလျှပ်စစ်မီးတွေကိုတော့ ထိုင်းနိုင်ငံက မီးကို သွယ်တန်းသုံးစွဲနေရတာ ဖြစ်တယ်လို့ ရွှေကုက္ကိုလ်ဒေသခံက ပြောပါတယ်။
“လက်ရှိအခြေအနေကတော့ တာဝန်ရှိသူတွေ ထိုင်းဘက်ခြမ်းနဲ့ ညှိနေတုန်းပါပဲ။ ထိုင်းဘက်ကတော့ ကျေးရွာအတွက် ဆိုရင်တော့ ထပ်ပေးမယ်ပေါ့နော်။ တရုတ်ဆိုက်ဆိုရင် မပေးတော့ဘူးလို့ ကြားတယ်။ ထိုင်းမီး မရရင်တော့ မြန်မာမီးကိုပဲအားကိုးသုံးရတော့မှာပေါ့။ မြန်မာမီးဆိုတော့ တခါတလေ ပျက်တာဘာညာတော့ ရှိတယ်။ မြန်မာမီးဆိုရင်တော့ အိမ်သုံးပဲရမယ်။ လုပ်ငန်းသုံးလို့မရဘူး မီးအားနည်းတယ်”လို့ သူကပြောပါတယ်။
မြဝတီမြို့ရှိ အင်ကြင်းမြိုင်ကျေးရွာ နဲ့ မေတ္တာလင်းမြိုင် ကျေးရွာတွေဘက်မှာ နှစ်ဖက်စစ်ရေးအခြေအနေ ပြင်းထန်နေတာကြောင့် ထရန်စဖော်မာ ထိခိုက်ပျက်စီးမှုတွေရှိနေပြီး တချို့နေရာတွေမှာ ထိုင်းလျှပ်စစ်မီး ပြတ်တောက်နေတာဖြစ်ပါတယ်။ AIS ဆက်သွယ်ရေး တာဝါတိုင်တွေ ထိခိုက် ပျက်စီးတာတွေကြောင့် မြဝတီမြို့အနီးတဝိုက်မှာ ထိုင်းဖုန်းလိုင်းသုံးစွဲသူတွေ ဆက်သွယ်ရေး ပြတ်တောက်နေတာဖြစ်တယ်လို့ အင်ကြင်းမြိုင်ကျေးရွာအတွင်း နေထိုင်သူတဦးက အခုလိုပြောပါတယ်။
“အခု ဒီဘက်မှာက ထိုင်းမီးက သုံးလို့ရနေသေးတယ်။ ထိုင်းဘက်က ပြန်သိမ်းတာမျိုးတော့ မဟုတ်သေးဘူး။ လက်ရှိမှာ တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက်စစ်ရေးအခြေအနေကလည်း တင်းမာနေတာမို့ ထရန်စဖော်မာတွေ ပျက်စီးသွားတာရှိတယ် အဲ့အတွက် ခနပြတ်တာလို့ထင်တယ်။ နောက်ပီးတော့ မြန်မာဘက်ခြမ်းမှာ ထောင်ထားတဲ့ AIS တာဝါတိုင်ပျက်သွားတယ်အတွက် မြဝတီတဝိုက်က ကျေးရွာတွေဘက်မှာ ထိုင်းဖုန်းလိုင်းသုံးလို့မရတာ တွေဖြစ်နေတယ်”လို့ သူကဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်လူကုန်ကူးမှုနဲ့ မှောင်ခိုလုပ်ငန်းတွေ၊ လောင်းကစားရုံတွေ အပြင် တရုတ်ဆိုက်လုပ်ငန်းတွေကို ထိုင်းအစိုးရမှ ထိုင်းလျှပ်စစ်မီး ပြန်လည်ရုတ်သိမ်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ မြန်မာဘက်ခြမ်းက တာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းရာမှာ ကျေးရွာအတွက် မီးအသုံးပြုမယ်ဆိုပါက ဆက်လက်ထားရှိပေးမယ်လို့ လတ်တလောအခြေအနေအရ သိရှိရပြီး မီးအမှန်တကယ် ဖြတ်မဖြတ်ကိုတော့ ဆက်လက်စောင့်ကြည့် ရမယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
သတင်း − နော်ဝါးဝါးဖော
ဓာတ်ပုံ − CJ
Phar Si Than (People’s Radio Myanmar)