ဇွန်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို စစ်ကောင်စီတပ်ဘက်မှ Mi 35 ရဟက်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
ကြားအင်းဆိပ်ကြီးမှာ ဇွန်လ ၂ ရက်နေ့ မနက် ၈ နာရီ ၅ မိနစ် စစ်ကောင်စီတပ်က Mi 35 ရဟက်ယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အနီးအနားကျေးရွာဖြစ်တဲ့ ချောင်းဝကျေးရွာက ဒေသခံပြည်သူ ၁ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိကာ မြို့တွင်းသွားလာတဲ့ ဒေသခံပြည်သူတွေကိုလည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၄ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။
“ချောင်းဝမှာက လေယာဥ်ဗုံးထိတာ ၁ ယောက် လောလောဆယ်အသေတော့မဟုတ်သေးဘူး ထိထားတယ်လို့ပြောတယ် ဆီးခုံမှာ၊ သေတော့သေနိုင်တယ် ဆီးခုံဆိုတော့လေ မြို့ထဲမှာသူတို့ပစ်တာက ၄ ယောက်သေတယ် ၄ ယောက်ဒဏ်ရာရတယ်ပြည်သူတွေပဲ” လို့ သူကပြောပါတယ်။
အခုလက်ရှိချိန်မှာလည်း စစ်ကောင်စီတပ်ရဲ့ ခလရ ၃၂၊ အမှတ် ၁ ဗျူဟာကုန်းနဲ့ ခလရ- ၂၈၄ တို့ကနေ အနီးအနားကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပြုလုပ်နေသလို စစ်ကောင်စီတပ်သား တွေမှာလည်း မြို့တွင်းလှည့်လည်ကာ လမ်းသွားလမ်းလာပြည်သူတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဇွန်လ ၁ ရက်နေ့ ညဦးပိုင်းအချိန်လောက်ကတည်းက ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ဒီနေ့ ဇွန်လ ၂ ရက်နေ့ မနက် ၄ နာရီအချိန်မှာလည်း နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် တို့ ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ရဟက်ယာဥ်နဲ့ အခုလိုဗုံးကြဲခဲ့တာဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)