တရုတ်- မြန်မာနယ်စပ် ဇွန် ၁။ ။ People Radio Myanmar
တရုတ်-မြန်မာနယ်စပ်၊ တရုတ်နိုင်ငံဘက် အခြမ်း၊ ဝမ်တိန်ဒေသမှာ ဧပြီလကုန်ပိုင်းလောက်က ချိပ်ပိတ်ခံရတဲ့ ကျပ်သိန်းပေါင်း သုံးသိန်းတန် မြန်မာ ပို့ကုန်တွေကို တရုတ်ဘက်က လေလံရောင်းချဖို့ စီစဉ်နေတယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံဘက်မှာ ရှိတဲ့ ရွှေလီမြို့ အကောက်ခွန်ဌာနမှာ မေလ ၂၅ ရက်နေ့ကတည်းက လေလံတင်မယ့်အကြောင်းကို ကြေညာစာ ထုတ်ပြန်ထားတာပါ။
နယ်စပ်လုပ်ငန်းရှင် တစ်ဦးက”စာတွေ ထွက်ထားပြီလေ။ ၆ လပိုင်းကုန်မှ ဆွဲမှာ။ အခုက သူတို့ စီစဉ်နေတာ။ ကုန်သည်တွေကို မင်းတို့ ပစ္စည်းလို့ ပြောရင် မင်းတို့ကို ဖမ်းမှာလို့ ခြိမ်းခြောက်နေတယ်” လို့ ပြောပါတယ်။
အဲဒီ ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံဘက်က တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်လာတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ချိပ်ပိတ်ခံထားရတာ ဖြစ်ပြီး ကုန်ပစ္စည်းတွေထဲမှာ ပဲတီစိမ်း အများဆုံးပါဝင်တယ်လို့ သူက ဆက်ပြောပြပါတယ်။
လက်ရှိ ချိပ်ပိတ်ခံထားရတဲ့ ပို့ကုန်တွေထဲမှာ ပဲတီစိမ်း တန်ချိန် ၁ သောင်း ကျော်နဲ့ စံချိန်တင်ထားပြီး တခြား ပဲမျိုးစုံ ၊ နှမ်းနဲ့ ဆေးဝါး ကုန်ကြမ်းပစ္စည်းတွေပါဝင်တယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံဘက်က ကြေညာထားတဲ့ လေလံ ဖိတ်ခေါ် စာမှာတော့ ပဲလွန်းဝါ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ စွန်တာပြာ၊ ပဲယင်းနီ၊ ပဲဇီးကွက်၊ ပဲကြီး၊ ပဲကြီး၊ ပဲယင်း၊ မတ်ပဲ၊ နိုင်လွန်ပဲ၊ အခွံခွာပဲတီစိမ်း၊ ပဲယင်း၊ ပဲကွန်ပြာ၊ ရေပန်းပဲတီစိမ်းခြမ်း၊ ဖီးနစ်ပဲဖြူ၊ ပဲလွန်းမဲ၊ ပဲနီကြား၊ မြေထောက်ပဲ၊ နှမ်းနက်၊ နှမ်းဖြူ၊ မြေပဲနီ၊ မြေပဲဖြူ၊ နနွင်း၊ မန်ကျည်း၊ ဇီးသီး တို့ပါဝင်တယ်လို့ ဆိုပါတယ်။
ချိပ်ပိတ်ခံထားရတဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မေလ ၃၀ ရက်နေ့တုန်းက မန္တလေး ကုန်စည်ဒိုင် (ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း) ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ အသင်းဥက္ကဌ ဦးသက်တင်က အခုလို ပြောပါတယ်။
“သမိုင်းမှာ တခါမှ မဖြစ်ဖူးတဲ့ သိန်းပေါင်းများစွာ၊ သိန်းပေါင်း နှစ်သိန်းခွဲ သုံးသိန်းဖိုး လောက်ထိ ဆုံးရှုံးမှုကြီးတာက အသင်းသက်တမ်းမှာ တစ်ခါမှ မရှိဖူးဘူး”MRCC ဥက္ကဌ ဦးဝင်းဌေးကလည်း သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာပို့ကုန်တွေဟာ အထောက်အထား အပြည့်အစုံနဲ့ ဝမ်တိန်ဂိတ်ကနေ အခွန်ဆောင်ပြီး ဂိုဒေါင်ကို ရောက်ရှိတာ ဖြစ်တဲ့အပြင် သက်သေ အထောက်အထားတွေနဲ့ သက်ဆိုင်ရာဌာန အဆင့်ဆင့်၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ စီးပွားကူးသန်း ဝန်ကြီး၊ ကုန်စည် စီးဆင်းမြန်ဆန်ရေး ကော်မတီ၊ တရုတ်နိုင်ငံ သံရုံး၊ မန္တလေးမှာ ရှိတဲ့ တရုတ် ကောင်စစ်ဝန်ရုံးတွေဆီမှာ စာတင်ထားတာ ရှိတယ်လို့ ရှင်းပြပါတယ်။
အခုလို ဖြစ်ရပ်ဟာ ဆုံးရှံးနစ်နာမှု ကြီးမားလွန်းတာကြောင့် မြန်မာနိုင်ငံဘက်က ကုန်သည်တွေက ပို့ကုန်တွေကို ပြန်ရချင်တယ်ဆိုပြီး စာတင်ထားပေမယ့်သက်ဆိုင်ရာ နိုင်ငံတော်အဆင့်နဲ့ ဝင်ရောက် ညှိနှိုင်းပေးတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာကုန်သည်တွေအနေနဲ့လည်း COVID-19 ကပ်ရောဂါဘေး အလွန်ကာလမှာ ခက်ခက်ခဲခဲနဲ့ လုပ်ငန်းစတင်ခဲ့ရတာဖြစ်ပြီး များစွာဆုံးရှုံးနစ်နာခဲ့တာကြောင့် မြန်မာနိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးတွေနဲ့ အစိုးရက တာဝန်ရှိသူတွေကို ကူညီ ဖြေရှင်းပေးဖို့ ဆန္ဒရှိနေပါတယ်။
တကယ်လို့များ မြန်မာကုန်သည်တွေဘက်က ဝမ်တိန်ကို တိုက်ရိုက်မပို့ပဲ မူဆယ် ၁၀၅ မိုင်မှာ ကုန်သွယ်မှု လုပ်နိုင်ရင်တော့ ခုလို ပြဿနာ ဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် မူဆယ် ၁၀၅ မိုင်မှာက မြန်မာနိုင်ငံရဲ့ အခြေအနေအရ လုံခြုံမှု မရှိတာကြောင့် ကုန်သည်တွေအနေနဲ့ ပစ္စည်းတွေ မသိုလှောင်ရဲကြတဲ့အပြင် ဝယ်လက်တွေလည်း မလာရဲဘူးလို့ နယ်စပ် လုပ်ငန်းရှင်တွေ က ပြောပါတယ်။
တရုတ်နိုင်ငံဘက်က ကုန်သည်တစ်ဦးကတော့ အရင်က ပဲတွေကို ဂျူတီနဲ့ တင်သွင်းခိုင်းပြီးတဲ့ နောက်ပိုင်း ဂျူတီဆောင်ပြီးကတည်းက မြန်မာဘက်ကုန်သည်တွေ အနေနဲ့ မတင်သွင်းနိုင်တော့ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ဂျူတီနည်းတဲ့ ဒေသထွက်ကုန် အနေနဲ့ တင်သွင်းခွင့်ပြုခဲ့ပြီး လက်ရှိ အဲဒီ စနစ်ကို ပြန်မပေးချင်တော့တာကြောင့် မြန်မာပို့ကုန်တွေကို ချိပ်ပိတ်လိုက်တာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတုန်းကလည်း တရုတ်နယ်စပ်မှာ ဖွင့်ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ တရုတ်ဘဏ်အကောင့်တွေ ရာနဲ့ချီ ပိတ်သိမ်းခံရဖူးပါတယ်။
ဒါပေမယ့် အခုလို မြန်မာဘက်က ပို့ကုန်တွေ စံချိန်တင် ပိတ်သိမ်းခံရတာဟာ သမိုင်းမှာ ပထမဆုံးလို့ ဆိုပါတယ်။
သတင်း/ ဓါတ်ပုံ – မြောက်ပိုင်းသူ
အဖွဲ့ – ချယ်ရီနွေဦး